မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရ
သံလွင်မြန်မာသတင်း
မေလ ၃
မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ကသဲရပ်ကွက်ရှိ အနောက်ကျောင်းကို အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
ယနေ့မေလ ၃ ရက် နံနက် ၉ နာရီခန့်က တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ၊ မိုးကုတ်မြို့အနောက် ပိုင်း၊ ကသဲရပ်ကွက်ရှိ အနောက်ကျောင်းကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး ၁ လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်များလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ မေလ ၂ ရက် ည ၁၁ နာရီ ၄၅ မိနစ်ကလည်း မိုးကုတ်မြို့၊ အုတ်ပြင်ရပ်ကွက်ရှိ ဓမ္မာရုံကို ပစ်မှတ်ထား၍ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲ ချတိုက်ခိုက်ခဲ့ရာ ဓမ္မာရုံနှင့် လူနေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၃ဝ ရက်နေ့ကလည်း မိုးကုတ်မြို့အနောက်ပိုင်း၊ သစ်စိမ့်ကုန်းနှင့် ကျောက်ပုတ် ကျေးရွာကြားကို အကြမ်းဖက် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချ တိုက် ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သောမြို့နယ် များကို စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့်တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို လေကြောင်းဖြင့် လုပ်ဆောင်လျက်ရှိပြီး ထိုသို့ လုပ်ဆောင်ရာတွင် အပြစ်မဲ့မိဘပြည်သူလူထုများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ကာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိရန်လိုအပ်ပြီးလေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာ နည်းလမ်းများကို လိုက်နာဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။
Thanlwin Myanmar Media