တော်လှန်ရေးအင်အားစုများအားလုံးနှင့်လက်တွဲ၍ လွတ်လပ်သည့် သတင်းမီဒီယာများ သတင်းရယူ ပိုင်ခွင့် ပိုမိုအားကောင်းစေရေး ၊ ပြည်သူလူထု၏ သတင်းသိပိုင်ခွင့်ပိုမိုတိုးပွားစေရေး ဆက်လက်ကြိုး ပမ်းသွားမည်ဟု NUG ပြောဆို
သံလွင်မြန်မာသတင်း
မေလ ၃
တော်လှန်ရေးအင်အားစုများအားလုံးနှင့်လက်တွဲ၍ လွတ်လပ်သည့် သတင်းမီဒီယာများ သတင်းရယူ ပိုင်ခွင့် ပိုမိုအားကောင်းစေရေး ၊ ပြည်သူလူထု၏ သတင်းသိပိုင်ခွင့်ပိုမိုတိုးပွားစေရေး ဆက်လက်ကြိုး ပမ်းသွားမည်ဟု NUG အစိုးရက ပြောဆိုသည်။
ယနေ့မေလ ၃ ရက်နေ့တွင် ကျရောက်သော“ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် ထုတ် ပြန်ချက်တွင်ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ထုတ်ပြန်ကြေညာထားပြီးဖြစ်သည့် စာနယ်ဇင်းလွတ် လပ် ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ သဘောထား ရပ်တည်ချက်များအတိုင်း ဆက်လက်ရပ်တည်လျက် တော်လှန်ရေးအင်အားစုများအားလုံးနှင့် ပူးပေါင်း လက်တွဲ၍ လွတ်လပ်သည့် သတင်းမီဒီယာများ သတင်းရယူပိုင်ခွင့် ပိုမိုအားကောင်းစေရေး၊ ပြည်သူလူထု၏ သတင်းသိပိုင်ခွင့် ပိုမို တိုးပွားစေရေး ဆက်လက် ကြိုးပမ်း အားထုတ်သွားမည်ဖြစ်ကြောင်း ပြောဆိုထားခြင်းဖြစ်သည်။
သတင်းမီဒီယာများနှင့် သတင်းသမားများအပေါ် အကြမ်းဖက်စစ်အုပ်စု၏ မတရား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ဟန့်တားခြင်း စသည့် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကန့်သတ်ချုပ်ခြယ် ပိတ်ပင် တားဆီးမှု မှန်သမျှကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အပြင်းအထန် ကန့်ကွက် ရှုတ် ချကြောင်းဆက်လက်ပြောဆိုထားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စစ်တပ်က မတရားအာဏာသိမ်းချိန်မှ စတင်၍ ယနေ့ အချိန် အထိ သတင်း သမား ၇ ဦး သတ်ဖြတ်ခံခဲ့ရပြီး ၂၀၀ ဦး ထက်မနည်း မတရား ဖမ်းဆီး ထိန်းသိမ်း ခဲ့ရကြောင်း၊ အဆိုပါ ဖမ်းဆီးထိန်းသိမ်းခံခဲ့ကြရသူများထဲမှ ၄၀ ဦးသည် ယခုအချိန်အထိ အကျဉ်း ထောင်များထဲတွင် မတရား ဖမ်းဆီး ထိန်းသိမ်းခံနေကြရဆဲဖြစ်ကြောင်း သိရသည်။
ထို့အပြင် ပြည်တွင်း၌ သတင်းရယူလျက်ရှိကြသော သတင်းမီဒီယာသမားများ အားလုံးသည်လည်း အသက်အန္တရာယ်ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရပြီး ပြည်ပသို့ပြောင်းရွှေ့ရန် တွန်းအား ပေးခံနေ ကြရသည့် အခြေအနေဖြင့်လည်း ရင်ဆိုင်နေကြရကြောင်း သိရသည်။
မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်အုပ်စုသည် မှန်ကန်သော သတင်းအချက်အလက် များကို ဖုံးကွယ်လိမ်ညာရန်အတွက် သတင်း မီဒီယာများကို ကန့်သတ် ပိတ်ပင်ခြင်း၊ သတင်းသမား များကို မတရား ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများကို နေ့စဉ်ရက်ဆက်ကျူးလွန်လျက်ရှိသည်။