မူးမြို့နယ်အတွင်းရှိ စစ်ကောင်စီခြေကုပ်စခန်း ၅ ခုကို ရှင်းလင်းသိမ်းပိုက်မှု ဒုတပ်ရင်းမှူး၊ အရာခံ ဗိုလ်အပါအဝင် အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
မေလ ၂
KNU – ကရင်အမျိုးသား အစည်းအရုံး ၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် မူးမြို့နယ် အတွင်းရှိ စစ်ကောင်စီခြေကုတ်စခန်း ၅ ခုကို ရှင်းလင်းသိမ်းပိုက်ခဲ့ရာ ဒုတပ်ရင်းမှူး၊ အရာခံဗိုလ်တို့ အပါအဝင် အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
ဧပြီလ ၂၈ ရက် နံနက်အစောပိုင်း ၁ နာရီခန့်က မူးမြို့နယ်အတွင်းရှိ နောင်ကုန်း၊ ရင်းတိုက်ကုန်း၊ ရန်မျိုးအောင်၊ ရွာကြီးအင်းကျွန်းကုန်း(နိုကလော်)၊ တောင်စုကျေးရွာတို့ကို စစ်ကြောင်းထိုး ဝင် ရောက်ပြီး ခြေကုပ်ယူတပ်စွဲထားသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များဖြစ်သည့် ခလရ ၆၀ ၊ ခလရ ၇၃ ပူးပေါင်း တပ်ပေါင်းတပ်စခန်းများကို ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်တို့က တက်ရောက် ရှင်းလင်းသိမ်း ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူး ၁ ဦး၊ အရာခံဗိုလ်တို့အပါအဝင်အများ အပြား ထိခိုက်သေဆုံးကာ လက်နက်ခဲယမ်းများစွာလည်း သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေရာယူမှု ကြောင့် ကျေးရွာပြည်သူပြည်သားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စား ၊ ဝတ်၊ နေ ရေးဒုက္ခများကြုံတွေ့ခံစားနေရကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ထားသည်။
Photo − စစ်ကောင်စီတပ်များထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။
Thanlwin Myanmar Media