ပြည်သူတစ်ရပ်လုံးနေ့စဉ်ကြုံတွေ့ခံစားနေရသည့် ကိုယ်၊ စိတ်ဒုက္ခမျိုးစုံသည် အာဏာရှင်စနစ်အပြီး တိုင်ချေမှုန်းပြီးမှသာလျှင် လွတ်မြောက်နိုင်မည်ဖြစ်သဖြင့် ပြည်တွင်း၊ ပြည်ပရှိ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက တတ်နိုင်သည့် နည်းလမ်းမျိုးစုံဖြင့် ဆက်လက်တိုက်ပွဲဝင်ပေးကြပါရန် NUG ယာယီ သမ္မတ တိုက်တွန်း
သံလွင်မြန်မာသတင်း
မေလ ၁
ပြည်သူတစ်ရပ်လုံးနေ့စဉ်ကြုံတွေ့ခံစားနေရသည့် ကိုယ်၊ စိတ်ဒုက္ခမျိုးစုံသည် အာဏာရှင်စနစ်အပြီး တိုင်ချေမှုန်းပြီးမှသာလျှင် လွတ်မြောက်နိုင်မည်ဖြစ်သဖြင့် ပြည်တွင်း၊ ပြည်ပရှိ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက တတ်နိုင်သည့် နည်းလမ်းမျိုးစုံဖြင့် ဆက်လက်တိုက်ပွဲဝင်ပေးကြပါရန် NUG ယာယီ သမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားသည်။
ယနေ့ မေလ ၁ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) နေအထိမ်းအမှတ် အဖြစ် အလုပ်သမားထုသို့ ပေးပို့သည့်သဝဏ်လွှာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုး သားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ထည့်သွင်းပြောဆို တိုက်တွန်းလိုက်ခြင်းဖြစ် သည်။
အလုပ်သမားများအပါအဝင် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး နေ့စဉ် ကြုံတွေ့ခံစားနေရသည့် ကိုယ်၊ စိတ် ဒုက္ခမျိုးစုံသည် အာဏာရှင်စနစ်ကို အပြီးတိုင် ချေမှုန်းနိုင်မှသာလျှင် ဆုံးရှုံးနေသည့် အခြေခံအခွင့်အရေးများ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် တန်းတူညီမျှရေး၊ အဘက်ဘက်မှ ယိုယွင်းနေ သည့် တိုင်းပြည် .. ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာ့နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်ပြီးဆုံးရန် ပြည်တွင်း၊ ပြည် ပရှိ မြန်မာအလုပ်သမားများ အပါအဝင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး တတ်နိုင်သည့် နည်းလမ်း မျိုးစုံဖြင့် ဆက်လက် တိုက်ပွဲဝင်ကြရန် အလေးအနက် တိုက်တွန်းအပ်ပါကြောင်း နိုင်ငံတော်ယာယီ သမ္မတဒူဝါလရှီးလက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်၏ အာဏာသိမ်းရန် ကြိုးပမ်းမှုကြောင့် ချွတ်ခြုံကျနေသော နိုင်ငံ၏ စီးပွား ရေးသည် စစ်တပ်၏ အဓမ္မစစ်သားစုဆောင်းမှုကြောင့် လုပ်ငန်းခွင်များကို စွန့်ခွာ ထွက်ပြေး တိမ်း ရှောင်နေရသဖြင့် လုပ်အားဆုံးရှုံးမှုများ ဖြစ်ပေါ်ခြင်း၊ လုပ်သားများ၏ စစ်မှု ထမ်းကာလ လုပ်ခလစာ ကို အလုပ်ရှင်က ပေးချေရန် မတရားဥပဒေပြဋ္ဌာန်းကာ အလုပ်ရှင် များအပေါ် ဖိနှိပ်ခြင်းတို့ကြောင့် လည်းကောင်း၊ ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော သဘာဝဘေးဒဏ်(ငလျင်)ကြောင့်လည်းကောင်း အဆိုးရွားဆုံး အခြေအနေထိ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ အဆိုပါအခြေအနေတွင် အလုပ်သမားများနှင့် ၎င်းတို့အား မှီခိုနေသည့် မိသားစု များအပေါ် ကျရောက်နေသော လူမှုစီးပွား ထိခိုက်မှုအပေါ် များစွာ စိတ်မကောင်း ဖြစ်ရပါကြာင်း အသိပေးထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနဦးဆောင်သည့် အစိုးရ၊ အလုပ်ရှင်၊ အ လုပ်သမား ကိုယ်စားလှယ်များ ပါဝင်သော သုံးပွင့်ဆိုင်အဖွဲ့သည် စုံစမ်းစစ်ဆေးရေး ကော်မရှင် (COI) ၏ လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့ပြီး ကျူးလွန်နေသည့် စစ်အုပ်စုအား ILO Constitution, Article 33 နှင့် ထိရောက်ပြင်းထန်စွာ အပြစ်ပေး အရေးယူရေးနှင့်အမျိုးသားညီ ညွတ်ရေးအစိုးရအား မြန်မာနိုင်ငံ၏ တရားဝင် ပြည်သူ့ အစိုးရအဖြစ် ILO ယန္တရားမှတဆင့် စတင် အသိ အမှတ်ပြုမှုရရှိရေးတို့ကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ထိုက်သင့်သည့် အောင်မြင်မှုများ ရရှိနေပြီ ဖြစ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။
ထိုကဲ့သို့ အောင်မြင်မှုများ ရရှိစေရန် မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုနှင့် နိုင်ငံတကာ အလုပ် သမား ရေးရာအဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပရှိ … မြန်မာအလုပ်သမားများ၏ တက်ကြွစွာ ပူး ပေါင်းပါဝင်မှုကို လေးနက်စွာ အသိအမှတ်ပြုပါကြောင်း ဆက်လက်ပြောဆိုထားသည်။
ကမ္ဘာ့ကုလသမဂ္ဂ(UN)နှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) အပါအဝင် နိုင်ငံတ ကာအလုပ်သမားရေးရာအဖွဲ့အစည်းများ၊ အခြေခံလူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေး အလေးထားသည့် နိုင်ငံတကာအစိုးရများ အနေဖြင့်လည်း လက်တွေ့ဆန်သော ပံ့ပိုးကူညီမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ပြုပေးစေလိုကြောင်း ထပ်မံတိုက်တွန်းတောင်းဆိုထားသည်။
သမိုင်းတလျှောက် အလုပ်သမားများ၏ လူမှုတရားမျှတရေးနှင့် ဒီမိုကရေစီအရေး အားထုတ် မှုများ ကို လေးစားဂုဏ်ပြုပါကြောင်းနှင့် တရားမျှတသော လူ့အဖွဲ့အစည်းတစ်ခု ကို ကြိုး ပမ်းတည် ဆောက်မှုတွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တိုင်းရင်းသားပြည် သူတစ်ရပ်လုံးနှင့် တသား တည်း အတူရှိမည်ဖြစ်ကြောင်း သဝဏ်လွှာတွင်ဖော်ပြထားသည်။
Thanlwin Myanmar Media