“ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်း” စစ်ကောင်စီ၏ခွေးသရေခြုံ အပစ်အခတ်ရပ်စဲရေးသည် ငလျင် ဘေးသင့် လူသားချင်းစာနာမှု အကူအညီများ၎င်းတို့ထံ စီးဆင်းစေရန် ရည်ချက်ဖြင့် သာထုတ်ပြန် ကြေညာခြင်းဖြစ်သည်ဟု KNU ဗဟိုက ထုတ်ပြန်ပြောဆို
သံလွင်မြန်မာသတင်း
ဧပြီလ ၂၆
“ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်း” စစ်ကောင်စီ၏ခွေးသရေခြုံ အပစ်အခတ်ရပ်စဲရေးသည် ငလျင် ဘေးသင့် လူသားချင်းစာနာမှု အကူအညီများ၎င်းတို့ထံ စီးဆင်းစေရန် ရည်ချက်ဖြင့်သာ ထုတ်ပြန် ကြေညာခြင်းဖြစ်ကြောင်း KNU ဗဟိုက ယနေ့ ဧပြီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုလိုက်သည်။
ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေး ကြေငြာထားသော အာဏာ သိမ်း အကြမ်းဖက်စစ်ကောင်စီက ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ် နယ်မြေ အတွင်းရှိ ပြည်သူလူထုများအား ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက် ကြီး ပစ်ခတ်တိုက်ခိုက်မှုများ၊ ပြည်သူလူထုပိုင်အိုးအိမ် ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင် ခြင်းနှင့် အကြောင်းမဲ့ ဖမ်းဆီးထိမ်းသိန်းခြင်း အစရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှု လုပ်ရပ် ပေါင်း ၁၀ ကြိမ်ထပ်မနည်း ကျူးလွန်ခဲ့ကြောင်း အသိပေးထားသည်။
စစ်ကောင်စီက လေကြောင်းမှ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ၆၃ ကြိမ် ပြုလုပ်ခဲ့ရာ အပြစ်မဲ့ အရပ်သား ပြည်သူ ၁၄ ဦး နှင့် ကိုရင် ၁ ပါး သေဆုံးခဲ့ကာ ဦးပဇ္ဇင်း ၂ ပါး၊ ကိုရင်ကြီး ၁ ပါး နှင့် အရပ်သား ၃၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ဘုန်းကြီးကျောင်း ၅ ကျောင်း နှင့် နေအိမ် ၇ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု ၄၃ ကြိမ်တွင် အပြစ်မဲ့ အရပ်သား ၁၈ ဦး ထိခိုက် ဒဏ်ရာရ၍ ၅ ဦး သေဆုံးကာ နေအိမ် ၁၆ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်က ပြည်သူ လူထု၏ နေအိမ် များအား မီးရှို့ခြင်း ၁ ကြိမ် ပြုလုပ်ခဲ့ရာ နေ အိမ် ၄ လုံးနှင့် ဘုရားကျောင်း ၁ ကျောင်း မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်မှအပြစ်မဲ့ အရပ်သားပြည်သူ ၂ ဦးကို အကြောင်းမဲ့ ဖမ်ဆီးခဲ့သည့် အများပြည်သူ လူ ထု အသုံးပြုသော လမ်း၌ နင်းမိုင်းထောင်ထားမှုကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီသည် အပစ်အခတ်ရပ်စဲရေး ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ သော် လည်း ယင်းထုတ်ပြန်ချက်မှာ နိုင်ငံတကာအဖွဲ့အစည်းများထံမှ “လူသားချင်းစာနာထောက် ထားမှု အကူအညီများ” အား ၎င်းထံသို့ စီးဆင်းစေရန် ရည်ရွယ်ချက်ဖြင့်သာ ထုတ်ပြန်ခြင်းဖြစ်ပြီး လက်တွေ့တွင် ၎င်းတို့အနေဖြင့် တော်လှန်ရေးအဖွဲ့အစည်းများ အုပ်ချုပ်ထားနိုင်သည့် မြို့ရွာများရှိ ပြည်သူလူထုများအား အဓိကပစ်မှတ်ထားကာ လေကြောင်း တိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်မှုများကို အဆက်မပြတ် လုပ်ဆောင်လျက်ရှိကြောင်း အသိပေးထားသည်။
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ကြေငြာသော အပစ်ခတ်ရပ်စဲရေးကြေငြာချက်နှင့် ၎င်းတို့၏ လက်တွေ့ လုပ်ရပ်များမှာ “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်း” သကဲ့သို့သာ ဖြစ်နေပြီး ပြည်သူလူထုများအနေဖြင့် သဘာဝဘေးနှင့် စစ်ဘေးကို တပြိုင်နက်တည်း ခံစားနေကြရသော ကြောင့် KNU ဗဟို အနေဖြင့်လည်း ပြည်သူလူထုများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်နိုင် ရေး အတွက် လိုအပ်သည့် ကာကွယ်ရေး အစီအမံများအား အဆက်မပြတ်လုပ်ဆောင်နေရမြဲဖြစ် ကြောင်း ပြောဆိုထားသည်။
Thanlwin Myanmar Media