နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အလေးထား စဉ်းစားကာ စစ်ကောင်စီကို လေးလေးနက်နက် အရေးယူဆောင်ရွက်ရန် အချိန်တန်ပြီဖြစ်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်း တိုက်တွန်း
သံလွင်မြန်မာသတင်း
ဧပြီလ ၂၆
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အလေးထား စဉ်းစားကာ စစ်ကောင်စီကို လေးလေးနက်နက် အရေးယူဆောင်ရွက်ရန် အချိန်တန်ပြီဖြစ်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်း တိုက်တွန်း ပြော ကြားသည်။
ဧပြီလ ၂၄ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီက အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကုလ သမဂ္ဂ ဌာနချုပ်တွင် စီးပွားရေးနှင့် လူမှုရေးကောင်စီအောက်မှ “Forced Displacement and Refugee Protection” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် အထူးအစည်းအဝေးတွင် ၎င်းကထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာအများစုမှာ ပြည်တွင်း၌ နေရပ်စွန့်ခွာ နေထိုင်နေရပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ နှင့် အခြားနိုင်ငံများတွင်ပါ ဒုက္ခသည်များအဖြစ် ခိုလှုံနေကြရကြောင်း၊ ထို့ပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါ ရီလကတည်းက ဖြစ်ပေါ်ခဲ့သည့် မတရား စစ်အာဏာသိမ်းမှုနှင့် စစ်တပ်၏ နောက်ဆက်တွဲ ရက်စက် ကြမ်းကြုတ်မှုများကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးနှင့် ပြည်သူများအပေါ်တွင် ဆိုးရွားသော သက် ရောက်များ ကျရောက်လျက်ရှိသည့်အပြင် နေရပ် စွန့်ခွာနေထိုင်ရသည့် ပမာဏသည်လည်း အံ့ဖွယ် ကြီးမားနေကြောင်း အသိပေးထားသည်။
OCHA ၏ ခန့်မှန်းချက်အရ နေအိမ်များမှ စွန့်ခွာနေရထိုင်ရသူ ၃.၅ သန်းရှိပြီး ကိန်းဂဏန်း အမှန်မှာ ယင်းထက် မြင့်မားနိုင်ကြောင်း၊ ၁၉.၉ သန်းသော ပြည်သူများအနေဖြင့်လည်း လူသား ချင်း စာနာ ထောက်ထားမှုအကူအညီများကို အရေးပေါ် လိုအပ်လျက်ရှိပြီး နေအိမ်နှင့် ဘာသာရေး အဆောက် အအုံ ၁ သိန်းကျော်မှာ ဖျက်ဆီးခြင်း သို့မဟုတ် မီးရှို့ခြင်း ခံထားရကြောင်း သိရသည်။
ပြည်သူအများစုအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် အခြားသော နေရာများသို့ ထွက်ပြေး တိမ်းရှောင် နေရပြီး အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များအနေဖြင့် မြန်မာနိုင်ငံ အကျပ်အတည်း၏ ဒဏ်ကို အများဆုံး ခါးစည်းခံနေရကြောင်း၊ ၎င်းတို့အနေဖြင့် အမျိုးမျိုးသော ဒုက္ခဆင်းရဲများကို ရင်ဆိုင်ကြုံ တွေ့ ဖြတ်သန်းနေရသည့်အကြား မကြာသေးမီက ၇.၇ ပြင်းအား ဖြင့် လှုပ်ခတ်ခဲ့သော ငလျင် ကြောင့်လည်း ၎င်းတို့၏ ဒုက္ခမှာ ဆင့်ကဲ တိုးပွားလာခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာမြန်မာအသံအမတ် ကြီး ဦးကျော်မိုးထွန်းက ပြောကြးသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အကျပ်အတည်းသည် ဒေသတွင်းနှင့် အခြားသောနိုင်ငံများ၏ ငြိမ်း ချမ်းရေးနှင့် လုံခြုံရေးကို ထိပါးစေလျက်ရှိကြောင်း၊ သို့ဖြစ်ရာ နေရပ်စွန့်ခွာသူများနှင့် ဒုက္ခသည်များ အား သင့်လျော်သော အကာအကွယ်များ ပေးအပ်ရေးက အလွန် အရေးကြီးကြောင်း ဆက်လက် ပြော ဆိုသည်။
မကြာမီ ကျင်းပပြုလုပ်မည့် “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမူဆလင်များနှင့် အခြားသော လူနည်းစုများ၏ အခြေအနေဆိုင်ရာ အဆင့်မြင့် ကွန်းဖရင့်” သည် အိမ်ရှင်နိုင်ငံများနှင့် ဒုက္ခသည် များအတွက် ရေ ရှည်ဖြေရှင်းနိုင်မည့်နည်းလမ်းတစ်ခုကို ရှာဖွေပေးနိုင်ရန် အထောက်အကူ ပေးနိုင်မည့် အခင်းအ ကျင်း တစ်ရပ် ဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်း ၊ အဆိုပါ ကွန်းဖရင့်အတွက် ထိရောက်သော၊ ညှိ နှိုင်းမှုရှိသော ပြင်ဆင်မှုများကို အထူး လိုအပ်ပါကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုး ထွန်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဒုက္ခသည်နှင့် နေရပ်စွန့်ခွာမှု ပြဿနာတို့၏ မြစ်ဖျားအရင်းခံက စစ်အာဏာရှင် စနစ် ပင်ဖြစ်သည်မှာ အငြင်းပွားဖွယ်ရာ မရှိကြောင်း၊ သို့ဖြစ်ရာ မြန်မာပြည်သူများမှ စစ်အာဏာရှင်စနစ် နှင့် မတရား စစ်အာဏာသိမ်းမှုတို့ ချုပ်ငြိမ်း ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင် ရေး ကြိုးပမ်းနေမှုများအတွက် နိုင်ငံ တကာ အသိုက်အဝန်း ၏ ပံ့ပိုးကူညီမှုက အလွန် အရေးပါ ကြောင်း ၎င်းက ပြောဆိုသည်။
ရေရှည် ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုအား ရှာဖွေရာ၌ ပြဿနာ၏ ဇစ်မြစ်ကို ဖြေရှင်းခြင်း အား ဖြင့် ရိုဟင်ဂျာများ အပါအဝင် ဒုက္ခသည်များ ဆန္ဒအလျောက်၊ ဘေးကင်းလုံခြုံစွာနှင့် သိက္ခာ ရှိစွာ နေ ရပ်သို့ ချောမွေ့စွာ ပြန်လည်လာရောက်နိုင်ရေးအတွက် လမ်းဖောက်နိုင်မည်ဟု ခိုင်မာစွာ ရှုမြင် ကြောင်း၊ ဤသို့လုပ်ဆောင်ခြင်းဖြင့် လူအများ၏ အသက်ကို ကယ်တင်နိုင်ပြီး၊ ပြည်သူများ၏ အနာ ဂတ်ကို ပြန်လည်ရယူ ပေးနိုင်မည်ဖြစ်ကြောင်း အသိပေးထားသည်။
ထို့အပြင် လူသားချင်းစာနာထောက်ထားမှုအကူအညီများ အားကောင်းစေရန် ပြုလုပ်ခြင်းနှင့် ဒုက္ခ သည်များအတွက် အကာအကွယ်များနှင့် ကူညီပံ့ပိုးမှုများ ပေးအပ်နိုင်ရန်မှာ ကောင်းမွန်သော အုပ် ချုပ်မှုနှင့် ပြည်သူများ၏ အကောင်းဆုံး အကျိုးစီးပွားကို ရှေးရှုသည့် အစိုးရဖြင့် အဓိပ္ပါယ် ပြည့်ဝစွာ ပူးပေါင်း ဆောင်ရွက်မှုတို့ လိုအပ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ယင်းအခြေအနေကို အလေးထား စဉ်းစားကာ လေးလေး နက်နက် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင် ချိန်တန်ပြီဖြစ် ကြောင်း တိုက်တွန်းထားသည်။
အဆိုပါ အထူးအစည်းအဝေး၏ အဖွင့်ပိုင်း အစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ ကနေဒါ အမြဲတမ်း ကိုယ်စားလှယ်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးတို့က အမှာစကားများ ပြောခဲ့ ပြီး၊ ဖိတ်ကြားထားသည့် ဆွေးနွေးသူများက Panel I : Success Stories in Refugee Hosting and Integration နှင့် Panel II : Solidarity and Sustainable Approaches ခေါင်း စဉ်တို့ဖြင့် ကုလအဖွဲ့ဝင် နိုင်ငံပေါင်း ၂၀ ကျော်က ဆွေးနွေးခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media