နွားထိုးကြီးမြို့ကို ဝင်ရောက်စီးနင်းပြီး စစ်ကောင်စီလက်အောက်ခံ မီးသတ်ကား ၂ စီးနှင့် စည်ပင် ဘက်ဟိုးကား တစ်စီးကို သိမ်းယူ၊ မြို့သိမ်းခြင်းမဟုတ်ပဲ လိုအပ်ချက်ကြောင့် စီနင်းခဲ့ခြင်းဟုဆို
သံလွင်မြန်မာသတင်း
ဧပြီလ ၂၂
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့တွင်းအထိ ဝင်ရောက်စီးနင်းကာ စစ်ကောင်စီ လက်အောက်ခံ မီး သတ် ကား ၂ စီးနှင့် စည်ပင်ဘက်ဟိုးကားတစ်စီးကို သိမ်းယူခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက်သိမ်းယူခြင်းမှာ လိုအပ်ချက်ကြောင့်ဖြစ်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ယနေ့ ဧပြီလ ၂၂ ရက် နံနက်ပိုင်းက နွားထိုးကြီးမြို့တွင်းအထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းကာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မီးသတ်ကား ၂ စီးနှင့် စည်ပင်ဌာနပိုင် ဘတ်ဟိုးကားတစ်စီးကို သိမ်းယူပြီး ပြန်လည်ထွက်ခွာလာခဲ့ကြောင်း၊ ထိုသို့ ထွက်ခွာလာပြီးနောက် မွန်းတည့် ၁၂ နာရီခန့်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က နွားထိုးမြို့ပတ်ဝန်းကျင်ရှိ ဘုန်း ကြီးကျောင်းတစ်ကျောင်းကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“မြို့ကို မသိမ်းသေးပါဘူး။ ဒီအတိုင်းပဲ ကိုယ့်ဘက်က ယူစရာရှိလို့ ဝင်တာပဲရှိတာပါ၊ စခလော်ဘီ တွေကတော့ မနက်ကတည်းက ဖွနေတာ ဟုတ်တယ်။ ဘက်ဟိုး ၁ စီးနဲ့ မီးသတ်ကား ၂ စီးကတော့ ယူလာတယ်။ ကျနော်တို့ ဒီဘက် လေယာဉ်တွေကျဲခံရတာ၊ လက်နက်ကြီး ပစ်လို့ မီးလောင်တာမျိုး ဆိုရင် ပြန်လည်အသုံးချဖို့အတွက် ဝင်သိမ်းလာတာပေါ့။ တိုက်ပွဲကတော့ မဖြစ်ခဲ့ဘူး။ ၁၂ နာရီ ကျော် ကျော် လောက်က လေယာဉ်နဲ့ ကတော့ မြို့ခြေက ဘုန်းကြီးကျောင်းတစ်ကျောင်းကို လာကြဲသွား တယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောကြားသည်။
ထိုသို့ လုပ်ဆောင်မှုကို မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း၊ လက်ရှိအချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အားလုံး မြို့တွင်းမှ ပြန်လည်ထွက်ခွာ လာခဲ့ပြီဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media