ဘီးလင်းမြို့နယ်၊ မင်းစောကျေးရွာဘုန်းကြီးကျောင်း၌ ဘုန်းကြီးဆွမ်းစားနေစဉ် စစ်တပ်က ပေါင် ၅၀၀ ဗုံးဖြင့် ကြဲတိုက်ခိုက်မှု ကိုရင် ၁ ပါးနှင့် အမျိုးသမီး ၂ ဦးသေဆုံး
သံလွင်မြန်မာသတင်း
ဧပြီလ ၂၁
မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်၊ မင်းစောဘုန်းကြီးကျောင်း၌ ဘုန်းကြီးဆွမ်းစားနေစဉ် အကြမ်းဖက်စစ် ကောင်စီတပ်က Jet Fighter ဖြင့် ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုရင် ၁ ပါးနှင့် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ကြောင်း KNU – ဒူးသထူခရိုင်က ထုတ်ပြန်သည်။
ဧပြီလ ၁၉ ရက် နံနက် ၁၁ နာရီ ၉ မိနစ်အချိန်က ကေအဲန်ယူ- ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ မင်း စောကျေးနယ်၊ မင်းစောကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဘုန်းကြီးများ ဆွမ်းကပ်နေစဉ် အကြမ်း ဖက် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် ပေါင် ၅၀၀ ဗုံးသီး ၁ လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ ကိုရင် ၁ ပါး၊ အရပ်သား အမျိုးသမီး ၂ ဦး သေဆုံးပြီး ဦးဇင်း ၂ ပါး၊ ကိုရင်ကြီး ၁ ပါး၊ အရပ်သား ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က ဗုံးကြဲချမှုသည် ဘုန်းတော်ကြီးများ ဆွမ်းစားနေသည့် ဆွမ်းစား ကျောင်းဆောင်ပေါ်သို့ တည့်တည့် ကျရောက်ပေါင်ကွဲခဲ့ကာ ဆွမ်းကပ်လှူနေသော ကျောင်း ဒါယိ ကာမ နော်လှမြင့် အသက် (၆၅) နှစ် ၊ နော်မဝဲ အသက် (၆၀) နှစ် နှင့် ကိုရင် ရှင်ကေလာသ အသက် ၁၀ နှစ်တို့ ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် နော်မုကို့ အသက်(၂၆)နှစ်၊ စောမောင်ရွှေ အသက်(၇၀) ၊ စောဂွတို အသက် (၆၂)နှစ်၊ နော် မမိုး အသက်(၂၇)နှစ်၊ စောမောင်နူ အသက်(၂၈)၊ စောကျော်ကေ့ အသက် (၄၄)နှစ်၊ ဦးဇင်းဦးဥတ္တရ ဝါတော် (၅) ဝါ၊ ဦးဇင်း ဥူးကိတ္တိ ဝါတော် (၂) ဝါ၊ ကိုရင်ကြီးရှင်မာနိတ ဝါတော် (၁) ဝါတို့ ထိခိုက် ဒဏ်ရာရခဲ့ကာ ဆွမ်းစားကျောင်း ဓမ္မာရုံနှင့် ဘုန်းကြီးကျောင်းစောင်းတန်းလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်မှ မင်းစောကျေးရွာ ဘုန်းတော်ကြီးကျောင်းအား ဘုန်းတော် ကြီးများနှင့် ကိုရင်များ၊ ဆွမ်းကပ်လှူဒါန်းသူ အရပ်သားများ ရှိနေသည့် ဆွမ်းစားချိန်တွင် ရည်ရွယ် ချက် ရှိရှိ ဗုံးကြဲ သတ်ဖြတ်ခြင်းဖြစ်ကြောင်း KNU ဒူသထူခရိုင်က ထုတ်ပြန်ထားသည်။
Photo – မင်းစောကျေးရွာ ဘုန်းတော်ကြီးကျောင်းအား စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် ဗုံးကြဲ မှုကြောင့် သေဆုံး၊ ထိခိုက်၊ ပျက်စီးမှုများ
Thanlwin Myanmar Media