သပိတ်ကျင်း၊ စဉ့်ကူး ၊မတ္တရာမြို့တို့တွင် ၁၉ ရက်အတွင်း စစ်ကောင်စီတပ်က လေကြောင်း တိုက် ခိုက်မှု ၁၈ ကြိမ်ကျူးလွန်ခဲ့ပြီး ပြည်သူ ၄၁ ဦးသေဆုံး၊
-
အပစ်အခတ်ရပ်စဲထားသည့်ကာလ စစ်ကောင်စီ၏ ရာဇဝတ်မှုကျူးလွန်မှုများကို တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံ တကာအဖွဲ့ အစည်း များက စောင့်ကြည့်၍ ထိရောက်စွာ အရေးယူပေးရန် တိုက်တွန်း
သံလွင်မြန်မာသတင်း
ဧပြီလ ၂၀
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ စဉ့်ကူးမြို့နယ်နှင့်မတ္တရာမြို့နယ်တို့တွင် ၁၉ ရက်အတွင်း အ ကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က လေကြောင်း တိုက်ခိုက်မှု ၁၈ ကျူးလွန်ခဲ့ပြီး ပြည်သူ ၄၁ ဦးသေဆုံး ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေးက ထုတ်ပြန်သည်။
ဧပြီလ ၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ အကြမ်းဖက် စစ်ကောင်စီက အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားကာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန် ဆိုးရွားစွာ ဆက်တိုက်လုပ် ဆောင်ခဲ့ရာ သပိတ်ကျင်းမြို့နယ်တွင် ၁၃ ကြိမ်၊ စဥ့်ကူးမြို့နယ်တွင် ၄ ကြိမ် နှင့် မတ္တရာမြို့နယ်တွင် ၁ ကြိမ် ရှိကြောင်း သိရသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် သပိတ်ကျင်း၊ စဥ့်ကူးနှင့် မတ္တရာမြို့နယ်တို့ တွင် အရပ်သားပြည် သူဦးရေ အနည်းဆုံး ၄၁ ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၅၈ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း၊ ထိခိုက် သေဆုံးသူများအနက် အနည်းဆုံး ၇ ဦးမှာ အရွယ်မရောက်သေးသော ကလေးသူငယ်များ ဖြစ် ကြောင် သိရသည်။
အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများသည် စစ်ဘက်ဆိုင်ရာ ပစ်မှတ် များမဟုတ်ဘဲ အများပြည်သူလူထု သွားလာလှုပ်ရှားရာ စျေးများ၊ စာသင်ကျောင်းများနှင့် ဘာသာ ရေးအဆောက်အဦးများ အပါအဝင် အရပ်သား လူနေအိမ်ခြေများအပေါ် အဆက်မပြတ် ဗုံးကြဲ တိုက်ခိုက်နေခြင်းဖြစ်ပြီး စာသင်ကျောင်း ၁ ကျောင်း အပါအဝင် လူနေအိမ်ခြေပေါင်း ၅၄ လုံး ပျက် စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
မတ်လ ၂၈ ရက်နေ့တွင် လှုတ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် စစ်ကိုင်းငလျင်ကြီးကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲထိခိုက်မှုများအား လိုအပ်သလို ကူညီဆောင်ရွက်နိုင်ရေးအတွက် ငလျင်ဒဏ်သင့်နှင့် ဆက်စပ်ဒေသများတွင် မိမိကိုယ်ကို ခုခံကာကွယ်ခွင့်မှတပါး ထိုးစစ်အားလုံးကို ယာယီရပ်စဲမည်ဖြစ်ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသည်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့်လည်း အတိအကျ လိုက်နာလျက်ရှိကြောင်း အသိပေးထားသည်။
အကြမ်းဖက် စစ်ကောင်စီသည်လည်း ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့အထိ အပစ်အခတ် ရပ်စဲ မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်ကို တွေ့ရှိရသော်လည်းအပစ်အခတ်ရပ်စဲထားသည့် ကာ လတလျှောက်လုံးတွင် အရပ်သားပစ်မှတ်များအပေါ် ဦးတည်၍ ရက်စက်ယုတ်မာစွာ သည်းကြီးမည်း ကြီး ဗုံးကြဲတိုက်ခိုက်နေသည်မှာ သိသာထင်ရှားပြီး ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေးက ပြောဆိုထားသည်။
ဤကဲ့သို့ အရပ်သားပစ်မှတ်များအပေါ် အကြမ်းဖက်စစ်ကောင်စီက အဆက်မပြတ် ဗုံးကြဲတိုက်ခိုက် နေမှုများ၊ အထူးသဖြင့် ယခုကဲ့သို့ လူသားချင်းစာနာမှုဆိုင်ရာ ယာယီ အပစ်အခတ်ရပ်စဲရေး ပြုလုပ် ထားသည့်အချိန်တွင် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများအပေါ် တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံကဲ့သို့ သော အိမ်နီးချင်းနိုင်ငံများ၊ အမေရိကန်၊ ရုရှားကဲ့သို့သော ကမ္ဘာ့အင်အားကြီးနိုင်ငံများ၊ အာဆီယံ အ ဖွဲ့၊ ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ် အစရှိသည့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မျက်ခြေမပြတ်စောင့်ကြည့်ရန် လိုအပ်ကြောင်းနှင့် စစ်ကောင်စီအပေါ် လိုအပ်သလို တုံ့ပြန် အရေးယူ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆက်လက်တိုက်တွန်းထားသည်။
Thanlwin Myanmar Media