အတ္တကြေးမုံ (ဝတ္ထုတို)
ပျိုးကြဲလက်
ငြင်သာစွာ စတင်ခဲ့တဲ့ အရွေ့တစ်ခုမှသည် တစ်စုံတစ်ယောက်က ရုတ်တရက် ပင့်မြှောက်လိုက်လေ သလား။
ဆတ်ခနဲ လူတစ်ကိုယ်လုံး မိုးပေါ်မြောက်တက်သွား သလို ခံစားလိုက်ရပါတယ်။
ခံစားချက်နဲ့အတူ ဝင်ရောက်လာတဲ့ အသိတခုက လေယာဉ်ပျံ စထွက်ပြီ။
တပြိုင်နက်တည်း အမိမြေကို တစ်ခဏတာ ချန်ထားခဲ့ရ တော့မယ် ဆိုတဲ့အသိက ကျွန်တော့ ရင်ကို ဗလောင်ဆူစေခဲ့ပါတယ်။
မျက်နှာမှာလည်း လွမ်းရိပ်တွေ ဝေစပြု ပြီပေါ့။ ငယ်စဉ် တောင်ကျေး ကလေးဘဝမှပင် စတင်ပြီး ချစ်ခွင့်ရခဲ့သူ။
ကမ္ဘာမကြေသီချင်းနဲ့ ကျောင်းဖွင့်ရက်တိုင်းပိုးပမ်းခဲ့ရတဲ့သူ။
မတတ်သာလို့ ခပ်ခွါခွါလေး နေကြရတော့မှာ ဖြစ်ပေမယ့် အမိမြေကို ကိုယ်ကစပြီး မခွဲချင်ခဲ့။
ဟုတ်တယ်။
အမိမြေကို ကျွန်တော် အရမ်းချစ်ခဲ့တယ်။
ကျွန်တော် ချစ်တဲ့ ဖိုးဖိုးဖွားဖွား ဖေဖေမေမေ ဦးဦးဒေါ်ဒေါ် ကိုကိုမမ ညီငယ် နှမငယ်များအားလုံးကို မငြီးမငြူ သူကထမ်းထား ပေးပါတယ်။
သူ့ဆီမှာ ကျွန်တော် အရမ်းချစ်ရတဲ့ ချစ်ဇနီး လည်း ရှိတယ်။
ချစ်သမီးတွေလဲရှိတယ်။
ချစ်သူငယ်ချင်း အပေါင်းအဖော်တွေလဲရှိတယ်။
မထင်မှတ်ဘဲ ရောက်ရှိလာတဲ့ ဖိတ်စာတစ်စောင်ကြောင့် ကျွန်တော် ချစ်တဲ့အရာတွေနဲ့ တခဏတာ ခွဲရတော့မယ့်အခြေအနေ။
နိုင်ငံတကာ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေး ညီလာခံ တက်ရောက်ဖို့ ဖိတ်စာ။
ဟုတ်တယ် သူက အဓိကတရားခံဘဲ။
ဒါပေမယ့် နန်းကိုမှ ချစ်ခဲ့မိမှတော့ ပဲပုတ်ကိုလဲ ပစ်ထားလို့ မရတော့ပါဘူး။
အမိမြေ သာယာဖို့ အတွက်ဆိုရင် မြေကမ္ဘာကအရင်ဆုံး စိမ်းလန်းရမှာပေါ့။
ဒီတော့ နိုင်ငံတကာနဲ့ လက်တွဲရမယ့် အချိန်မှာ တာဝန်သိသိ လက်တွဲကြရမှာပေါ့။
တိမ်တွေနေတဲ့ အရပ်ဆီမှ ဟိုဟိုဒီဒီ ငေးမိငေးရာ စူးစိုက်ပြီး ငေးမိလိုက်ပါတယ်။
မြင်ကွင်း တလျောက်မှာ ခရောင်းထနေတဲ့ စိုက်ခင်းတွေ။ အရိုးပြိုင်းပြိုင်း ကျနေတဲ့ အပင်ကြီးတွေက ဟိုတစ်ကွက် သည်တစ်ကွက်။
မိုးခေါင်လို့ ထင်ပါရဲ့။
ဝဲစားထားတဲ့ တောင်ကတုံးကြီးတွေ နေလောင်ဒဏ်ကြောင့် ကွဲအက်နေတဲ့ ပတ်ကြားတွေနဲ့ ရိုးမ တွေဟာလဲ ပြိုမယောင် ငိုမယောင်။
သြော်….
ရေတံခွန်တဲ့။
ကြည့်စမ်းပါဦး။
ဖိုးဖိုး ဖွားဖွားတို့ ပြောခဲ့ကြတဲ့ အိပ်ယာဝင် ပုံပြင်ထဲမှာတော့ မာန်ဟုန်ပြင်းပြင်းနဲ့ စီးဆင်းခဲ့ကြတာ ကြားဖူးခဲ့ပါရဲ့။
အခုချိန်မှာတော့ ကျောက်စက်ရေလို တစ်စက်ချင်း တစ်ပေါက်ချင်း။
မြစ်တွေ ချောင်းတွေ ဆည်မြောင်းတွေ ကိုလည်း ကြည့်ပါဦး။
ဟိုးရှေး ပဝေဏသီ ကတည်းက ရေချိုတွေကို တာဝန်ကျေကျ ထမ်းခဲ့ကြတဲ့သူတွေ။
အခုတော့ သဲကန္တာရကို ကုန်းပိုးထားလေရဲ့။
နေမင်းရဲ့ ရောင်ခြည်နဲ့အပြို င် တလက်လက် တောက်ပနေတဲ့ ကိုရွှေပလပ်စတစ်တို့ကလဲ နေရာအနှံ့ မင်းမူလို့။
ပင်လယ်ပြင်တဲ့။
သူလည်း လေကောင်းလေသန့်ကိုအလွန်ကြိုက်တဲ့ သူ။
ဒါပေမယ့် သူ့ပခုန်းပေါ်ကို ခွစီးထားတဲ့ ရုပ်ကြွင်း လောင်စာဆီတွေ စွန့်ပစ်ပစ္စည်းတွေနဲ့ သေကြေ ပုတ်ပွနေတဲ့ ရေနေသတ္တဝါတွေရဲ့ သက်မဲ့ အလောင်းကောင်တွေကြောင့် နှာခေါင်းရှုံ့လို့ နေလေရဲ့။
မြေထု လေထုနဲ့ ရေထုတွေ ညစ်ညမ်းရခြင်းဟာ စိတ်ဓာတ်အတွေးအခေါ်နဲ့ ကျင့်ဝတ်တွေ ညစ်ညမ်း မှုရဲ့ ပြယုဂ်တွေပေါ့။
သူရူးတစ်ယောက်လို စိတ်ကိုအလိုလိုက်ပြီး မစဉ်းစား မဆင်ခြင်ဘဲ အဓိပ္ပါယ်မဲ့စွာ လုပ်ခဲ့ကြတဲ့ လုပ် ရပ်တွေကြောင့် သက်ရှိ သက်မဲ့ အရာဝတ္တု များစွာ ပျက်စီးခဲ့ကြရပါတယ်။
မြေကမ္ဘာ တဖန် ပြန်လည်သာယာဖို့ စိမ်းလန်းစိုပြေဖို့ကတော့ မလွယ်ကူလှပါဘူး။
မိမိတို့ရဲ့ လုပ်ရပ်မှန်သမျှ ကို အကောင်း အဆိုး အမှားအမှန် ခွဲခြားသိပြီး အဓိပ္ပါယ်ရှိတဲ့ လုပ်ရပ်တွေ ထွန်းကားလာဖို့ အမြန်ကြိုး စား ကြရပါတော့မယ် ဆိုတဲ့အသိက ကျွန်တော့်ကို တိတ်တဆိတ် သတိ ပေးနေခဲ့ပါတယ်။
အဓိပ္ပါယ်ရှိတဲ့ လုပ်ရပ်တွေ ထွန်းကားလာဖို့ကလဲ အဓိပ္ပါယ်ရှိတဲ့ လူတွေရဲ့ အပေါ်မှာ များစွာ မူတည် လို့ နေပြန်ပါတယ်။
ဂန္ဒီလို့ပြောလိုက်တာနဲ့ မေတ္တာတရားကြီးမားသူ ခွင့်လွှတ် သည်းခံတတ်တဲ့သူတို့ရဲ့ အဓိပ္ပါယ်။
မာသာထရီစာ နိုက်တင်ဂေး ဟင်နရီဒူးနန့် ဟုတ်ပါတယ်။
သူတို့ဟာလဲ မေတ္တာရှင် ကရုဏာရှင် တို့ရဲ့ အထိန်းအမှတ် သင်္ကေတ။
နယူတန်နဲ့ အိုင်စတိုင်း သူတို့ဟာလဲ ရူပဗေဒရဲ့ ပေါက်ဖွားရာ။
အဓိပ္ပါယ် အပြည့်နဲ့လူ။
အဓိပ္ပါယ်ရှိတဲ့သူတွေပါဘဲ။
သူတို့ရဲ့ လုပ်ရပ်တွေက အများအကျိုး ကိုဆောင်ခဲ့ကြတယ်။
သူတစ်ပါးအသက်နဲ့ သဘာဝပါတ်ဝန်းကျင်ကို မပျက်စီးစေဘူး။
ဂယ်လီလီယို ၊ ကမ္ဘာကြီးလုံးဝန်းတာကို ယုံကြည်လက်ခံခဲ့လို့ တရားရုံးက သူရဲ့ယုံကြည်ချက်ကို မစွန့်လွှတ်ရင် အဆိပ်သောက်ပြီး သေစေဖို့ဆုံးဖြတ်ခဲ့တယ်။
ဒါပေမယ့် သူဟာ အမှန်တရားကို အသက်နဲ့ရင်းပြီး သက်သေပြခဲ့တယ်။
ဂယ်လီလီယိုရဲ့ အဓိပ္ပါယ်ဟာ အမှန်တရားရဲ့ သူရဲကောင်းဘဲ။
စ်တလာ ဆဒ္ဒန်ဟူစိန် အိုစမာဘင်လာဒင် အဲဒါတွေကတော့ ကိုယ့်အကျိုး လူအနဲစုအကျိုး ကြည့် တတ်တဲ့ လူ့ဗာလတွေ အဓိပ္ပါယ်မဲ့တဲ့သူတွေ ။
ကျွန်တော်လဲ စဉ်းစားရင်း စဉ်းစားရင်းနဲ့ သည်ခရီးကပြန်ရင် အဓိပ္ပါယ်ရှိတဲ့သူတွေ မွေးထုတ်နိုင်ဖို့ စာ ကြည့်တိုက် တစ်ခုကိုသွားမယ် ခရီးတွေထွက်မယ် သုတေသန စာတမ်းတစ်စောင် ပြုစုမယ်လို့ တိတ် တဆိတ် ဆုံးဖြတ်လိုက်ပါတယ်။
ပြောရင်းဆိုရင်း ပတ်ဝန်းကျင် တစ်ခုလုံးလဲ ရုတ်တရက် မဲလို့မှောင်လို့။
ရာသီဥတုက ဖောက်လာပြီထင်ပါရဲ့။
ဝင်းကနဲ လက်နဲ လျှပ်စီးလက်နေတာကို တစ်ခါတစ်ခါ အနီးကပ်မြင်လိုက်။
အမှောင်အတိ ဖုံးသွားလိုက်နဲ့။
ခရီးသည်တွေရဲ့ မျက်နှာအစုံမှာလဲ ကြောက်ရွံ့မှုတွေက အပြည့်။
လူအမျိုးမျိုး ကိုးကွယ်ယုံကြည်မှု အဖုံဖုံရှိတဲ့အတွက်လဲ ဘုရားအဆူဆူကို သူ့ထက်ငါ ဦးရအောင် ပင့် ဆောင်နေကြပြီ။
ဗလုံးဗထွေး ရွတ်ကြ ဖတ်ကြ ဆုတောင်းမေတ္တာ ပို့သခံယူကြနဲ့ အလုပ်များနေကြပြီ။
ဘိုးမင်းခေါင် ဘိုးဘိုးအောင် ပင့်သူကပင့် ။
ကိုကြီးကျော်နဲ့ မနှဲလေးကို ခေါ်တဲ့သူကခေါ် ။
အပျော်တွေ အားလုံးပျောက် ။
“ဂျိမ်း” ကနဲ မြည်ဟည်းသံနဲ့အတူ ဝန်းကျင်တစ်ခုလုံး အမှောင်အတိ။
ဘာမှမသိကြရတော့။
******************************
လူကြီးမင်းခင်ဗျား
‘လွတ်လွတ်လပ်လပ် သုတေသနပြု လို့ ရပါတယ် ။’
လူငယ်တစ်ယောက် ညွှန်ပြရာ တံခါးပေါက်ကို ကျွန်တော် လှမ်းလျှေက်မိလျက်သား ဖြစ်သွား ပါတယ်။
စာကြည့်တိုက်ဘဲလား။
သိပ္ပံဓာတ်ခွဲခန်းလား။
မဝေခွဲနိုင်ပါဘူး။
တံခါးရှေ့မှာ ရပ်လိုက်တာနဲ့ ရုတ်တရက် တံခါးက အလိုအလျောက် ပွင့်သွားပါတယ်။
အခန်းတွင်းကို လှမ်းဝင်လိုက်တာနဲ့ အေးစိမ့်ထဲ့ အထိအတွေ့က ဆီးကြို လို့နေပါတယ်။
မျက်လုံးကို တစ်ချက် ဝေ့အကြည့်။
အားပါးပါး…
လူသေအလောင်းတွေ။
ပျက်ကျ လေယာဉ်အမှတ် ……………မှ ရုပ်အလောင်းများတဲ့။
ဟုတ်ပါတယ်။
လောလောလတ်လတ် သေဆုံးထားတဲ့ လူသေအလောင်းတွေ။
အပိုင်းပိုင်း အစစ ဖြစ်နေတဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို ကောက်ယူပြီး စနစ်တကျ ပြန်ဆက် ထားတဲ့ပုံဘဲ။
ကျွန်တော်လည်း အနီးအနားမှာရှိတဲ့ ပထမဆုံးတွေ့ရတဲ့ အလောင်းကောင်ကြီးကို အသေအချာ ကြည့်လိုက်ပါတယ်။
အသားကညို ညို မေးရိုးကားကား အမြဲတမ်း ခေါင်းမော့လို့ ရင်ကော့ခဲ့ရမယ်ပုံဘဲ။
ခြေဖဝါးနှစ်ဖက်က အပျိုစင်ရဲ့ ပါးကလေးလို နုဖတ်လို့။
သေချာတာကတော့ သူ့ဘဝရဲ့ အချိန်တော်တော်များများကို ရှူးဖိနပ်စီးပြီး ဖြတ်သန်းခဲ့ရမယ့်ပုံ။
ဝဲဘက်ရင်ဘတ်ရဲ့ အောက်နားက နှလုံးနေရာဟာ ပုံမှန်ထက်ပိုပြီး ဖောင်းနေသလိုဘဲ။
သူ့ရဲ့ဘဝ တစ်လျောက်လုံးမှာ လောဘ ဒေါသ မောတွေ ဖုံးလွှမ်းခဲ့မယ် ထင်ပါရဲ့။
ဒေါသကြီးတဲ့သူတွေဟာ သာမန်လူတွေထက် နှလုံးရောဂါ ဖြစ်နိုင်ခြေပိုများ နိုင်တယ်လေ။
ဟုတ်ပါပြီ ….
သူဟာ သာမန်လူ တစ်ယောက်တော့ မဟုတ်။
သေချာတာက သူဟာ အာဏာရှင်တစ်ယောက် ဖြစ်ခဲ့ဘူးတယ်။
သူ့ရဲ့အာဏာ တည်မြဲဖို့အတွက် သစ်တောတွေကိုလဲ မဆင်မခြင် ခုတ်ခဲ့ဘူးတယ်။
ဓာတ်သတ္တု တွေကိုလည်း မဆင်မခြင် ထုတ်ခဲ့ဘူးတယ်။
ဒါပေမယ့် ဖောက်ပြန်လာမယ့် ရာသီဥတုကိုတော့ မာရှယ်လောထုတ်ပြီး တားလို့မရနိုင်ဘူးဆိုတာ သူသိ မသွားရှာဘူး။
အခုတော့ သူဖျက်ဆီးခဲ့တဲ့ ရာသီဥတုက သူစီးလာတဲ့ လေယာဉ်ကို ကျီစယ်ရင်း သူ့ဘဝ ဇတ်သိမ်းရ ပြန်ပြီ။
နောက်တစ်လောင်း။
သူကတော့ အသားဖြူဖြူ ။ထောင်ထောင်မောင်းမောင်း။ လူကြည်ညို စရာကောင်းတဲ့ ဥပတိရုပ်ပိုင် ရှင်။
အရာရှိကြီးတစ်ယောက် ဖြစ်ခဲ့မယ် ထင်ပါရဲ့။
ရှေ့ကို ယောင်ယောင်လေး ငိုက်နေတဲ့ ဦးခေါင်းက မကြာခဏ ခေါင်းငြိမ့်ခဲ့ရတဲ့ပုံဘဲ။
ကိုင်းကျနေတဲ့ လက်ပျဉ်နဲ့ အနဲငယ်ကွေးနေတဲ့ ခါးက အာဏာရှင်တို့ရဲ့ အနီးအပါးမှာ နေ့စဉ် အကြိမ် ကြိမ် ဦးညွတ်ခဲ့ရတဲ့ လက္ခဏာ။
သူလဲ သူ့ဌာနမှာ အစိုးရခဲ့ပေမယ့် ဖောက်ပြန်လာတဲ့ ရာသီဥတုကိုတော့ အမိန့် ပေးပြီး မတားဆီးနိုင် ခဲ့ဘူး။
နောက်တစ်လောင်း။
သူကတော့ အသားမဲမဲ ပါးစပ်ပြဲပြဲနဲ့ အတော့်ကို အကြည့်ရဆိုးလှပါတယ်။
ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ ရုပ်မျိုး ။
သူ့အတွက်ဆိုရင် ဘနဖူးသိုက်တူးမယ့် လူမျိုး ။
ထောင်မြင်ရင် ရာစွန့်ရဲတဲ့ပုံ။
သေချာတယ် သူကတော့ ခရိုနီဘဲ။
သူတို့ရဲ့ ခန္ဓာကိုယ်မှာ မသေခင်က ဝတ်ဆင်ခဲ့ကြတဲ့ တန်ဖိုးကြီးမားတဲ့ အဝတ်အစားတွေ လက်ဝတ် ရတနာတွေ ဘာတစ်ခုမှ မရှိကြတော့ပါဘူး။
လက်ချောင်းလေးတွေ လက်ကောက်ဝတ်နဲ့ လည်ပင်းတို့မှာ ရတနာဝတ်ဆင်ခဲ့တဲ့ သဲလွန်စအနေနဲ့ အဖြူရောင် အရစ်လေးတွေသာ ကျန်ရစ်ခဲ့ပါတော့တယ်။
ဒါတွေဟာလဲ ပုတ်ပွလာတဲ့အခါ ပျောက်သွားကြမှာပါ။
ကျွန်တော် ဆက်လျှောက်လိုက်ပါတယ်။
ဆရာဝန်အလောင်း အင်ဂျင်နီယာအလောင်း ကုန်သည်ပွဲစားအလောင်း အယ်ဒီတာအလောင်း သတင်းထောက်အလောင်း အလွှာပေါင်းလဲစုံ လူကြီးလူငယ် အသက်အရွယ်က စုံလို့ပါဘဲ။
သူတို့ကတော့ ကြည့်ရတာ သာမန်ပြည်သူတွေပါဘဲ။
သူတို့ရဲ့မျက်လုံး အစုံဟာ ဝင်းလက်တောက်ပလို့။
ပြာဖုံးနေတဲ့မီးခဲတွေလိုပါဘဲ။
ဒါပေမယ့် ထူးခြားတာက သူတို့ရဲ့မျက်နှာမှာ အကြောက်တရားတွေက အပြည့်။
ဒီအကြောက်တရားကဘဲ သူတို့ကို သေတွင်းထဲပို့လိုက်တာ။
အကြောက်တရားသာ မရှိခဲ့ရင် မှားတဲ့သူကို မှားတယ်လို့ ပြောရဲရမယ်။ တားရဲရမယ်။
ဒါဆိုရင် သူတို့လဲ လုပ်အားအပြည့်နဲ့ တိုင်းပြည်ကို အကျိုးပြု နိုင်ကြမှာပါ။
ဒါပေမယ့် အခုတော့ သွားကြရရှာပြီ။
တိုင်းပြည်အတွက် လုပ်အားတွေ များစွာဆုံးကြရပြီ။
ပျက်စီးသွားတဲ့ သဘာဝ ပါတ်ဝန်းကျင်က အပြစ်ရှိသူရော အပြစ်မဲ့သူကိုပါ မျက်နှာသာ မပေးပါဘူး။
ကျွန်တော် နောက်ဆုံးအလောင်းရှိရာသို့ ခပ်သွက်သွက် ဆက်ပြီး လှမ်းခဲ့ပါတယ်။
သူ့ကတော့ အသားအရည်က ဖြူ တဲ့အထဲလဲ မပါဘူး။
ညိုတယ်လို့လဲ ပြောလို့မရပါဘူး။
အရပ်က ငါးပေ ခြောက်လက်မ ဝန်းကျင်။
အသေအချာကြည့်တော့ ရင်းရင်းနှီးနှီး မြင်ဖူးသလိုဘဲ။
ဟုတ်တယ် သူဟာ ကျွန်တော်နဲ့ ချွတ်စွတ်ဘဲ။
မြင်မြင်ချင်း အရမ်းအံ့သြမိပါတယ်။
နောက်တော့ သတိတစ်ချက် ဝင်လာပါတယ်။
ဒီလေယာဉ်မှာ ကျွန်တော်လဲ ပါခဲ့တာကိုး။
ဒါပေမယ့် ဗလာကျင်းနေတဲ့ သူ့ရဲ့ခန္ဓာကိုယ်ကို ကြည့်ပြီး သူ့ကိုယ်စား အင်မတန် ရှက်မိပါရဲ့။
ဒါနဲ့ မသိမသာ မိမိရဲ့ အောက်ပိုင်းကို ငုံ့ကြည့်မိပါတယ်။
ဟာ…
‘သွားပြီ’ ထူးမခြားနားပါလား။
သူ့အတွက်ဘဲရှက် ပေးရမလား ကိုယ့်အတွက်ဘဲ ရှက်ပေးရမလား။
မဝေခွဲတတ်တော့ပါဘူး။
အလောင်းကောင်ကြီးကို ကြည့်လိုက် ကိုယ့်ကိုယ်ကို ငုံကြည့်လိုက်နဲ့ ဘယ်နှစ်ကြိမ် ရှိသွားပြီလဲဆို တာ မမှတ်မိတော့ပါဘူး။
ထိုအချိန်မှာ နောက်ကျောဘက်က အင်မတန် ချိုသာလှတဲ့ အသံစာစာလေးကြောင့် ပိုပြီး အရှက်ရ စေခဲ့ပါတယ်။
‘လူကြီးမင်းရှင့် သွားလိုရာခရီးကို သွားလို့ရပါပြီ’ တဲ့။
ကျွန်တော် နောက်ကိုလှည့်လိုက်ရင် ကျွန်တော့်ကိုကြည့်ပြီး အထိတ်တလန့် ဖြစ်သွားရရှာမယ့် သူ ငယ်မရဲ့ မျက်နှာကို ဘယ်လိုရင်ဆိုင်ရမလဲ။
ရှေ့ကိုလဲ ဆက်သွားလို့မဖြစ်။
အလောင်းတင်ထားတဲ့ ကုတင်နဲ့ အုတ်နံရံသာရှိပါတော့တယ်။
ဖြစ်ပျက်ခဲ့သမျှ ဟာ အိပ်မက်သာဆိုပါက ပြဿနာမရှိ ။
စောင့်နှိုးပေးတဲ့ လေယာဉ်မယ် ချောချောလေးကို လက်ပြနုတ်ဆက်ပြီး ခရီးဆက်ထွက်ယုံသာ။
အိပ်မက်သာ မဟုတ်ခဲ့ရင်တော့ ။
ပျိုးကြဲလက်
Thanlwin Myanmar Media