စဉ့်ကူးမြို့နယ်နှင့် စလင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် မီးလောင်ဗုံး အပါ အဝင် ဗုံးသီး အများအပြား ကြဲတိုက်ခိုက်မှုကြောင့် နေအိမ်များမီးလောင်ပြီး ပြည်သူများထွက်ပြေးနေရ
သံလွင်မြန်မာသတင်း
မတ်လ ၃၁
မန္တလေးတိုင်း ၊ စဉ့်ကူးမြို့နယ်နှင့် မကွေးတိုင်း၊ စလင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် မီးလောင်ဗုံးအပါအဝင် ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ်များမီး လောင်ပြီး ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။
ယနေ့ မတ်လ ၃၁ ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်ခန့်တွင် စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာကို စစ် ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေယာဉ်ဖြင့် မီးလောင်ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ရာ နေ အိမ်များ မီးလောင်လျက်ရှိပြီး ပြည်သူများရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ပြည်သူ ထိခိုက်သေဆုံးမှုလည်း သိရှိရခြင်းမရှိသေးကြောင်း သိရသည်။
Photo – မတ်လ ၄ ရက်နေ့တွင် စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာကို စစ်ကောင်စီတပ်က လေကြောင်း ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်နေမှုကို ငြှိမ်းသတ်နေစဉ် ။
“လက်ပံလှကို လေယာဉ်နဲ့ ဗုံးကြဲချသွားတာ။ ၆ နာရီဝန်းကျင်လောက်က၊ မီးလောင်ဗုံးတွေ ထင် တယ်၊ ရွာထဲမှာ အိမ်တွေ တရစပ် မီးလောင်နေတာ ။ မီးသတ်ကားတွေ အများကြီးနဲ့ ငြှိမ်းသတ် နေရရယ်။ လူ အထိအခိုက်တော့ မသိရသေးဘူး။ ” ဟု ဒေသပြည်သူ တစ်ဦးက ပြောကြားသည်။
အလားတူ မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးသီး အလုံး ၅၀ ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ် များထံက သိရသည်။
ယနေ့ မတ် ၃၁ ရက် နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ စလင်းမြို့နယ်၊ ကံပြားရွာ၊ သစ်ခေါက် တောင်ရွာ၊ ပေါက်ကျင်းရွာ၊ ကိုင်းကြီးရွာ၊ ရစ်ပြင်ရွာ၊ တောင်ဇင်ရွာတို့ကို စစ်ကောင်စီတပ်က ဂျက် ဖိုက်တာ၊ ပါရာမိုတာ စက်တပ်လေထီးတို့ဖြင့် အကြိမ်ရေ ၂၀ ကျော်၊ ဗုံးသီး အလုံး ၅၀ ကျော်ကြဲချ တိုက်ခိုက်ခဲ့ရာ ကျေးရွာနေပြည်သူ ၈ ထောင်ကျော်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“လေယာဉ် ၃ စီးနဲ့ အသွားအပြန် ၆ ကြိမ် ကြဲသွားတာ။ အဲဒီနောက်ပိုင်း စက်တပ်လေထီး (Paramo -tar) နဲ့ ထပ်ကြဲတာ။ ပြီးတော့ လေယာဉ်နဲ့ ဆက်တိုက်ကြဲတယ်၊ အကြိမ်ရေ ၂၀ ကျော်တယ်။ ဗုံးသီး အလုံးရေ ၅၀ ကျော်နိုင်တယ်။ လက်ရှိအချိန်အထိတော့ ထိခိုက်သေဆုံးပျက်စီးမှုတွေ မသိရသေးဘူး။ ရွာသူရွာသားတွေလည်း ထွက်ပြေးနေရတာ” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။
စစ်ကိုင်းငလျင်ကြောင့် မြန်မာတစ်ပြည်လုံးရှိ ပြည်သူများ ပူးဆွေးသောကရောက်နေရသော်လည်း စစ်ကောင်စီတပ်အနေဖြင့် ပြည်သူများအပေါ် ပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ပြီး မိဘ ပြည်သူများအနေဖြင့် လေကြောင်းရန် ကာကွယ်ရေး နည်းလမ်းများကို လိုက်နာကာ ဘေးလွတ်ရာ၌ ပုန်းခိုနေထိုင်ကြပါရန် တော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်းထားသည်။
Thanlwin Myanmar Media