မြေငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူများ ဒုက္ခရောက်နေသော်လည်း စစ်ကောင်စီက လေကြောင်းဗုံး ကြဲတိုက်ခိုက်
သံလွင်မြန်မာသတင်း
မတ်လ ၂၉
နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းတိုင်းတို့တွင် မြေငလျင်ဘေးကြောင့် ပြည်သူများ ဒုက္ခရောက်နေ သော်လည်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များထံက သိရသည်။
ယမန်နေ့ မွန်းတည့် ၁၂ နာရီ ၅၅ မိနစ်တွင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် ဗဟိုပြု၍ အင်အားပြင်းထန်သော မြေငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူများ ဒုက္ခရောက်နေချိန်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီ ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ပဲခူးတိုင်းတို့တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ဆီမှာလည်း ငလျင်လှုပ်တယ်၊ တောင်အောက်မှာနေတာဆိုတော့ ကျောက်တုံးတွေတော့ နည်းနည်းသီးခံရတယ်၊ ငလျင်လှုပ်နေရင်းတန်းလန်းနဲ့ လေယာဉ်နဲ့ ဗုံးလာကြဲသွားတာ၊ ၂ ကြိမ်ကြဲချ သွားတာ၊ ဒါပေမယ့် ထိခိုက်မှုတော့မရှိပါဘူး။ ဗုံးက ပေါင် ၅၀၀ ဗုံးနဲ့ချသွားတာ” ဟု ဘောခဲမြို့နယ် အတွင်းရောက်ရှိနေသူ KNDF ရဲဘော်တစ်ဦးက ပြောကြားသည်။
ထို့အပြင် မွန်းလွဲ ၂ နာရီ ၅၄ မိနစ်အချိန်တွင် နောင်ချိုမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ ကို အကြမ်း ဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများပြားပြီး အ လောင်းပင် ကောက်ယူ၍ မရသည်အထိ ဆိုးရွာခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ မတ်လ ၂၈ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်ဝန်းကျင်အချိန်တွင် ချောင်းဦးမြို့နယ်၊ နွယ်ခွေ ကျေးရွာကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လည့် စက်တပ်လေထီးဖြင့် နှစ်ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မြေငလျင်လှုပ်ခတ်ပြီးနောက် ညနေ ၄ နာရီဝန်းကျင်အချိန် ကရင်ပြည်နယ်၊ KNU ဌာနချုပ်တည်ရှိရာ တပ်မဟာ ၇ အတွင်း လေးဝါးအထက်နားသို့ စစ်ကောင်စီတပ်က အသေခံဒရုန်း ကာမီကာဇေများဖြင့် ဗုံး ၄ လုံး ၊ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ဖြူးမြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ကမ်း ကျေးရွာများကို လည်း လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media