တော်လှန်ရေး ဦးဆောင်နေသူတွေအနေဖြင့် “ဘော်ကြော့” ဖြစ်လို့မရသလို “ဝေ့ဝိုက်” နေလို့လည်း မရဟု နိင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ သတိပေး
သံလွင်မြန်မာသတင်း
မတ်လ ၂၇
တော်လှန်ရေး ဦးဆောင်နေသူတွေအနေဖြင့် “ဘော်ကြော့” ဖြစ်လို့မရသလို “ဝေ့ဝိုက်” နေလို့လည်း မရကြောင်း နိင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ သတိပေးပြောကြားသည်။
မတ်လ ၂၅ ရက်နေ့က ကျင်းပခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၉ / ၂၀၂၅ အစိုးရအဖွဲ့အစည်း အဝေးတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ပြည်သူလူထုရဲ့ အသက်တွေ၊ ဘဝတွေနဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ တော်လှန်ရေးမှာ ဦးဆောင်ဦး ရွက်ပြု သူတွေဟာ “ဘော်ကြော့” ဖြစ်လို့ မရသလို၊ “ဝေ့ဝိုက်”နေလို့လည်း မရဘူးလို့ ပြောချင်ပါတယ်။ ကျ နော် တို့ဟာ အပင်ပန်းခံရဲရမယ်၊ အဆင်းရဲခံနိုင်ရမယ်၊ ကျနော်တို့ရဲ့ စိတ်နဲ့ ခန္ဓာဟာ ကျဉ်းထဲကျပ် ထဲမှာ “ထုသားပေသား” ကျအောင်၊ မာကြောနေရမှာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၇၀ ကျော်ကြာ အမြစ် တွယ် နေတဲ့ စစ်အာဏာရှင်စနစ်တစ်ခုလုံးကို ချေမှုန်းသုတ်သင်နိုင်ဖို့ ဆိုတာမှာ၊ တော်ရုံ ဇွဲသတ္တိနဲ့ မရသလို၊ တော်ရုံ အားထုတ်မှုမျိုးနဲ့လည်း မရနိုင်ကြောင်း လေးနက်စွာ ပြောကြားချင်ပါတယ်” ဟု နိုင်ငံတော်ယာယီသမ္မတဒူဝါလရှီးလက ပြောကြားသည်။
နွေဦး တော်လှန်ရေးသည် လူထုတော်လှန်ရေးဖြစ်သောကြောင့် လူထု၏ ယုံကြည်သက်ဝင်မှု၊ လူထု ထောက်ခံမှုနှင့် တော်လှန်ရေးအောင်မြင်မှုသည် တိုက်ရိုက်အကျိုးကျကြောင်း၊ တော်လှန်ရေး အောင် မြင်ခြင်း/ မအောင်မြင်ခြင်းဆိုသည်မှ တော်လှန်ရေး ဦးဆောင်ဦးရွက် ပြုနေသူများ၏အရည်အချင်း၊ စွမ်းရည် ၊ အမြော်အမြင်ရှိမှု အပေါ် မူတည်နေကြောင်း သတိပေးထားသည်။
“ကျနော်တို့ဟာ လူထုထောက်ခံယုံကြည်မှုကို ကျွန်တော်တို့ရဲ့ လုပ်ရပ်နဲ့သာ သက်သေပြရမှာ ဖြစ်ပါ တယ်။ကျနော်တို့အနေနဲ့ အုပ်ချုပ်ရေး၊ လုံခြုံရေးနဲ့ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေ အပါအဝင် တရားစီရင်ရေးနဲ့ အခွန်ဘဏ္ဍာ စည်းကြပ်မှုတွေကအစ ကျကျနန လုပ်ဆောင်ထားဖို့ လိုပါတယ်။ တော်လှန်ရေးဆိုတာဟာ အပြောနဲ့ လူထုစည်းရုံးရေးသက်သက် လုပ်ရတဲ့ အလုပ် မဟုတ်ပါဘူး။ လက်တွေ့ မြေပြင်မှာ အကောင်အထည်ဖော် လုပ်ဆောင်ရတဲ့ လက်တွေ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။
ထို့အပြင် လူထု၏ လိုအပ်ချက်၊ ခံစားချက်များကို အမြဲတမ်းနားစွင့်ကာ ကြားနာနေရမည်ဖြစ်ပြီး လူ့အခြေခံလိုအပ်ချက်များကို ကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်ရန် လိုအပ်ကြောင်း၊ ယခုအခါ ကာ ကွယ်ရေးဝန်ကြီးအပါအဝင် အခြားဝန်ကြီးများသည် မြေပြင်တွင် နှစ်ကာလကြာမြင့်စွာ နေထိုင်ပြီး လူထုနှင့်တသားတည်း ဦးဆောင်နေကြောင်း အသိပေးထားသည်။
“အခုဆိုရင် ကာကွယ်ရေးဝန်ကြီးနဲ့ အခြားဝန်ကြီးတွေဟာ မြေပြင်မှာ နှစ်ကာလအားဖြင့် ကြာမြင့်စွာ နေထိုင်ပြီး လူထုနဲ့ တစ်သားတည်း ဦးဆောင်နေတာဖြစ်ပါတယ်။ အဲသည့်လို တွေ့မြင်ရလို့လည်း ကျွန်တော့်အနေနဲ့ လေးစား ဂုဏ်ယူမိပါတယ်။ ဒီလို ကျနော်တို့ အင်အားတွေ မြေပြင်မှာ ပိုမိုအခြေပြု လာနိုင်တာကို ပြည်သူလူထုက တွေ့မြင်နေလျင် ပိုမိုအားတက်လာကြမှာ အမှန်ဖြစ်ပါတယ်။ လက်ရှိ အခြေအနေမှာဆိုရင် မြေပြင်မှာ ကျွန်တော်တို့ရဲ့ သွားလာလှုပ်ရှားနိုင်မှုတွေဟာ သုံးလေးငါးရက် ခရီး သွားရင်တောင် ကုန်အောင် မရောက်နိုင်တဲ့အထိ နယ်မြေတွေ ကျယ်ဝန်းလာပြီ ဖြစ်ပါတယ်။ လက် တွေ့မြေပြင်မှာလည်း ရန်သူက တိုးမပေါက်နိုင်လောက်အောင် ခုခံကာကွယ်နိုင် တဲ့အထိ အခြေအနေ တွေ ကောင်းမွန်လာပြီ ဖြစ်ပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ က ပြောကြားသည်။
တော်လှန်ရေး၏ မူလအင်အားသည် ပြည်တွင်း၌သာရှိပြီး လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ် သည် မြေပြင်ပေါ်တွင် လက်တွေ့အင်အားတည်ဆောက်နိုင်ခြင်းသည်သာ အဓိက အခရာ ကျ ကြောင်း၊ လူထုယုံကြည်မှုကို လက်တွေ့မြေပြင်တွင် အခြေခံခိုင်မာအောင် တည်ဆောက်ရေးသည် တော်လှန်ရေးမူ ဖြစ်ကြောင်း ဆက်လက်ပြောဆိုထားသည်။
Thanlwin Myanmar Media