ကျွန်းစုမြို့နယ်၊ ဝန်တောင်ကျေးရွာအနီး ရေကြောင်းတိုက်ပွဲတွင် စစ်သား ၂ ဦးသေဆုံး
သံလွင်မြန်မာသတင်း
မတ်လ ၁၉
တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ဝန်တောင်ကျေးရွာအနီး ရေကြောင်းတိုက်ပွဲတွင် စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ကျွန်းစုမြို့နယ် ပကဖ မှ အတည်ပြုထုတ်ပြန်သည်။
မတ်လ ၁၃ ရက် ည ၇ နာရီခန့်က ကျွန်းစုမြို့နယ် ဝန်တောင်ကျေးရွာအနီးတွင် ရေကြောင်း ခရီး ထွက်ခွာလာသော ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ တပ်ဖွဲ့ဝင်များနှင့် ရှော်တော် မော်ကျေးရွာဖက်မှ တက်လာသော စစ်ကောင်စီ(ရေ)တပ်မှ 114 စစ် သင်္ဘော ပါအဝင် သင်္ဘော (၂) စီး ၊ သားပေါက် (၂) စီး ၊ မိုင်းတွေးကျေးရွာမှ ပျူစောထီးပိုင် ဖိုင်ဘာလှေငယ် (၃) စီး စုစုပေါင်း အင် အား ၆၀ ခန့်ဖြင့်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲသည် မိနစ်အနည်းငယ်ခန့်သာ ကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပြီးနောက် ဒဏ်ရာ စစ်ကောင်စီတပ်သား ၂ ဦးကို သားပေါက်လှေဖြင့် မြိတ်မြို့သို့ တိတ်တ ဆိတ်သယ်ဆောင်သွားခဲ့သော်လည်း လမ်း၌ ၂ ဦးစလုံးသေဆုံးသွားသည်ကို သတင်းရရှိ အတည်ပြု နိုင်ခဲ့ကြောင်း ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media