တနင်္သာရီမြို့နယ်၊ သိန်းခွန်ရွာ ရှေ့တန်းတိုက်ပွဲအတွင်းမှ စစ်မှုထမ်းတပ်သား ၂ ဦးထွက်ပြေးလာပြီး အလင်းဝင်
သံလွင်မြန်မာသတင်း
မတ်လ ၁၁
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ၊ သိန်းခွန်ရွာ ရှေ့တန်းတိုက်ပွဲအတွင်းမှ စစ်မှုထမ်း တပ်သား ၂ ဦး ထွက်ပြေးလာပြီး အလင်းဝင်ခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖ ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပုလောမြို့နယ်အခြေစိုက် ခလရ ၂၅၈ တပ်ရင်း၌ တာဝန်ကျနေသော စစ်မှုထမ်းတပ်သား ၂ ဦးသည် တနင်္သာရီမြို့နယ်၊ သိန်းခွန်ရွာရှေ့တန်းစစ်မြေပြင်မှ ထွက်ပြေးလာ ကာ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) ထံ ဆက်သွယ်၍ အလင်းဝင်ခဲ့ကြောင်း သိရသည်။
ထွက်ပြေးလာသူ စစ်မှုထမ်းတပ်သား မောင်မျိုး (အမည်လွှဲ) သည် ဧရာဝတီတိုင်း၊ ကွင်းကောက်မြို့ တန်းမြင့် လေ့ကျင့်ရေးကျောင်း၊ စစ်မှုထမ်း အပတ်စဉ် (၁) နှင့် ဂျာဂျာ (အမည်လွှဲ) သည် ကျိုင်းတုံ မြို့ စစ်မှုထမ်း အပတ်စဉ် (၁) ကို တက်ရောက်ခဲ့သူများဖြစ်ပြီး သင်တန်းဆင်းပြီးနောက် ပုလောမြို့ အခြေစိုက် ခလရ ၂၈၅ တပ်တွင် ရောက်ရှိလာသူများဖြစ်ကြောင်း သိရသည်။
အဆိုပါတပ်သား(၂)ဦး သည်မတရား အတင်းအဓမ္မ တပ်သားစုဆောင်းခံရမှုတွင် ပါဝင်ခဲ့ကြရသူများ ဖြစ်ပြီး ရပ်ရွာထဲ၌ အလှည့်ကျ မဲနှိုက်ပေါက်၍ စစ်မှူထမ်းပါလာသူနှင့် ကျန်တစ်ဦးမှာ အလုပ်မှ အ ပြန် အတင်းအဓမ္မဖမ်းဆီးခြင်းခံရပြီးနောက် စစ်မှုထမ်းစစ်သားအဖြစ် စေခိုင်းခံရသူဖြစ်ကြောင်း သိရသည်။
၎င်းတို့ ၂ ဦးအနက် ၁ ဦးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းနှင့် ပူးပေါင်းကာ စစ်ကောင်စီ ကို ပြန်လည်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ အလင်းဝင်လာသည့်တပ်သား ၂ ဦးကို ဘေးကင်းလုံခြုံ သည့် နေရာတွင် စောင့်ရှောက်ထားကြောင်း တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media