ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးရွာရှိ စစ်သား၊ ပျူများကို လက်နက်ချအလင်းဝင်ရန် သွားရောက်စည်း ရုံး စဉ် တိုက်ပွဲဖြစ်ပြီး စစ်သား၊ ပျူ ၃ ဦးသေဆုံး၊ သေနတ် ၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်သံ)
သံလွင်မြန်မာသတင်း
မတ်လ ၂
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာရှိ စစ်သား၊ ပျူများကို အလင်းဝင်ရန် သွားရောက် စည်းရုံးစဉ် တိုက်ပွဲဖြစ်ပြီး စစ်သား ၊ ပျူ ၃ ဦးသေဆုံးကာ သေနတ် ၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်း ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာအတွင်း ရှိ စစ်သား၊ ပျူများအနေဖြင့် လက်နက်ချအလင်းဝင်ရောက်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကသွားရောက်စည်းရုံးပြောဆိုခဲ့သော်လည် စစ်သား၊ ပျူများက စတင်ပစ်ခတ်တိုက်ခိုက်သဖြင့် အပြန် အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်နေစဉ်အတွင်း စစ်ကောင်စီ၏ မကွေးလေတပ်မှ Mi 35 ရဟတ်ယာဉ်ဖြင့် ၉ နာရီ ၁၉ မိနစ် တွင် ၁ ကြိမ်၊ ၉ နာရီ ၂၃ မိနစ်တွင် တစ်ကြိမ်၊ ၉ နာရီ ၃၁ မိနစ်တွင် တစ်ကြိမ်၊ ၉ နာရီ ၃၅ မိနစ်တွင် တစ်ကြိမ်နှင့် ၉ နာရီ ၄၁ မိနစ်တွင် တစ်ကြိမ် စုစုပေါင်း ၅ ကြိမ် လေကြောင်းမှ ပစ်ကူပေးတိုက်ခိုက်ခဲ့ ကြောင်း၊ ထို့အပြင် ကျောင်းကုန်းကြီးကျေးရွာဘက်မှ စစ်ကူစစ်ကြောင်းများလည်း လာရောက်ခဲ့ ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း စစ်သား၊ ပျူအဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိကာ ၎င်း တို့ထံမှ ကာဘိုင်သေနတ် ၁ လက်၊ ကျည် ၁၄၉ တောင့်၊ ကျည်ဘောက် ၂ ဘောက် ၊ G3 ကျည် ၁၁ တောင့်၊ ကျည်ဘောက်စပရိန် ၁ ခု ၊ ဓားမြှောင် ၁ ချောင်း ၊ ဖုန်း ၅ လုံး၊ Power Bank ၂ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ်-၄ တပ်ရင်း၊ မဟာမိတ် တပ်ပေါင်းစုများဖြစ်သော ပေါက်၊ မြိုင်စုဖွဲ့မှု ပကဖ၊ Young Force (PKU) ၊ Joker ပြောက်ကျားတပ်ဖွဲ့နှင့် Earthquake People’s Defence Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media