မန္တလေးအိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ကိုအောင်ထွန်း ကျဆုံးခဲ့ပြီး ရုပ်အလောင်း ပြန်သယ်ယူခွင့်မရ
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၂၅
မန္တလေးတိုင်း၊ မန္တလေးအိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ကိုအောင်ထွန်း ကျဆုံးခဲ့ပြီး ရုပ်အလောင်း ပြန်လည်သယ်ဆောင်ခွင့်မရခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား များ ကွန်ရက် (PPNM) က ထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့က မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်တွင် အကျဥ်းချခံထားရသည့် နိုင်ငံ ရေးအကျဉ်းသား ကိုအောင်ထွန်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ ကျဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ ကိုအောင်ထွန်းသည် ကျန်းမာရေးကောင်းမွန်သူတစ်ဦးဖြစ်ပြီး စတင်ဖမ်းဆီးခြင်းခံစဉ် က မည်သည့်ရောဂါမှ ဖြစ်ပွားခြင်းမရှိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရပြီးနောက် အိုးဘိုအကျဉ်းထောင်သို့ ရောက်ရှိချိန်တွင် ခန္ဓာကိုယ်၌ အနာများပေါက်လာ ကာ အနာပိုးဝင်သဖြင့် ထောင်ဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံခဲ့ရကြောင်း၊ ထို့သို့ ထောင်ဆေးရုံ ၌ တက်ရောက် ဆေးကုသမှုခံယူနေစဉ် တစ်ပတ်ခန့်အကြာ၌ ကျဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
ထိုသို့ ကျဆုံးသွားသည့် ကိုအောင်ထွန်း၏ ရုပ်အလောင်းကို မိသားစုများဝင်များက သယ်ယူခွင့်ရရှိရန် ကြိုးစားခဲ့သော်လည်း အကျဉ်းထောင်တာဝန်ရှိသူများက ပြန်လည်ယူဆောင်ခွင့်မပြုကြောင်း PPNM ၏ ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံရေးအကျဉ်းသား ကိုအောင်ထွန်းသည် ၂၀၂၂ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် မန္တလေးတိုင်း၊ အမရ ပူရ မြို့နယ်တွင် အမရပူရမြို့နယ်ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ပုဒ်မ ၅၀၅- က ဖြင့် အမရပူရတရားရုံးတွင် တရားစွဲဆိုခံခဲ့ရကာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရကာ အိုးဘိုအကျဉ်းထောင်သို့ ပို့ဆောင်ထိန်းသိမ်းထားခြင်း ခံခဲ့ရသူဖြစ်ကြောင်း သိရ သည်။
နိုင်ငံရေးအကျဉ်းသား ကိုအောင်ထွန်း သေဆုံးရသည့်အကြောင်းအရင်းနှင့် ပတ်သက်၍ အကျဥ်း ထောင်အာဏာပိုင်များ၏ ပြောဆိုချက်မှာ မှန်ကန်မှု ရှိ/မရှိ စိစစ်ရန် လိုအပ်လျက်ရှိကြောင်း မြန် မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အသိပေးထားသည်။
Thanlwin Myanmar Media