နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ် လေကြောင်းဖြင့် ဓာတုအဆိပ်ဗုံးကြဲတိုက်ခိုက်မှု TNLA တပ်သား ၁၀ ဦး ဓာတုအဆိပ်မိပြီး ၄ ဦးအပြင်းအထန်ခံစားနေရ
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားရာ နောင်ချိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ် က လေကြာင်းဖြင့် ဓာတုအဆိပ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ TNLA တပ်ဖွဲ့ဝင် ၁၀ ဦး ဓာတုအဆိပ်မိခဲ့ပြီး ၄ ဦး အပြင်းအထန်ခံစားနေရကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ၊ နောင်ချိုမြို့နယ်၊ တောင် ခြေရွာနှင့် မန်မော်ကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော် (TNLA) တပ်တို့ကား တိုက်ပွဲပြင်းထန်စွာဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်တွင် လေကြောင်းဖြင့် ဓာတု အဆိပ်ဗုံးအသုံးပြုကာ ကြဲချတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် TNLA တပ်သား (၁၀) ဦး ဓာတုအဆိပ်သင့်ကာ မူးဝေခြင်း၊ အသက် ရှုမြန်ဆန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ စိတ်လှုပ်ရှား မြန်ဆန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျကာ ဝေဒနာ ခံစားရပြီး ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း၊ ထိုသို့ ဓာတုအဆိပ်သင့်သူများထဲတွင် ၄ ဦးမှာ အပြင်းအထန်ခံစားနေရကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲကာလအတွင်း နိုင်ငံတကာက တားမြစ်သည့်အဆိပ်ငွေ့ဗုံးကို အသုံးပြု ကာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေခြင်းဖြစ်ကြောင်း TNLA တပ်ဖွဲ့က ပြောဆိုသည်။
ထိုပြင် ယခုလအတွင်း အရပ်သားပြည်သူလူထုအား ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး လက်နက်ကြီးပစ် ခတ်မှုနှင့် လေကြောင်းဗုံးကြဲမှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား (၇)ဦးသေဆုံးပြီး (၁၅) ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကာ နောင်ချိုပြည်သူ့ဆေးရုံ၊ ဘုန်းကြီးကျောင်းဆောင်နှင့် ပြည်သူနေအိမ် (၁၁) ထိမှန် ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media