နတ်မောက်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းနှင့်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၈ ဦး ထက်မနည်း သေဆုံး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၂၃
မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းနှင့်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း နတ်မောက်မြို့နယ် ပကဖ ထံမှ သိရ သည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ၈ နာရီခန့်က နတ်မောက်မြို့နယ်၊ ကုလားရှင်ကျေးရွာကို မီး ရှို့ပြီး ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကုလားရှင်ကျေးရွာတောင်ဘက်အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ယခုအခါ မြို့သစ်မြို့နယ်၊ ပုလင်းကျေးရွာကို ရောက်ရှိကာ ပြည်သူ့နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးထားကြောင်း သိရသည်။
Video – ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု
“မနေ့က နတ်မောက်မြို့နယ်၊ ကုလားရှင်ကျေးရွာကို မီးရှို့ခဲ့တဲ့ စစ်ကြောင်းကို မိုင်းဆွဲခဲ့တာက ၈ ယောက်သေတယ်။ ကုလားရှင်ကျေးရွာရဲ့တောင်ဘက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ အဲဒီစခ စစ် ကြောင်းက မြို့သစ်မြို့နယ်၊ ပုလင်းကျေးရွာကို ရောက်ပြီးမီးထပ်ရှို့ခဲ့ပါတယ်။ နေအိမ် ၄ လုံး ပါ။ နတ်မောက် ကုလားရှင်ရွာမှာက နေအိမ် ၂ လုံးပါ” ဟု နတ်မောက်မြို့နယ် ပကဖ တာဝန်ခံက ပြောကြားသည်။
အလားတူ နတ်မောက်မြို့နယ်၊ နဘူးကွဲကျေးရွာအနီးတွင် အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကား ၂ စီးထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက် ညနေ ၃ နာရီ ၃၀ မိနစ်အချိန်က ပျော်ဘွယ်မြို့နယ်ဘက်မှ နတ် မောက်မြို့နယ်ဘက်သို့ ၁၀ ဘီးကား ၆ စီးဖြင့် စစ်အင်အားဖြည့်တင်းရန် ထွက်လာသော ယာဉ်တန်း ကို နတ်မောက်မြို့နယ်၊ နဘူးကွဲကျေးရွာအနီးအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား ၂ စီး ထိခိုက် ပျက်စီးခဲ့ကြောင်း၊ ထိုသို့ ကား ၂ စီးပျက်စီးမှုကြောင့် ရှေ့ဆက်မသွားနိုင်တော့ပဲ စိုင်ကောင်းရဲစခန်းမှ စစ်ကောင်စီတပ်သားများရောက်ရှိနေကြောင်း သိရသည်။
“ဒီနေ့ မိုင်းဆွဲတာက ထိခိုက်သေဆုံးမှု မသိရသေးဘူး။ စခကား ၂ စီးတော့ နေရာမှာတင် ထိုးရပ်သွား တယ်။ အခုထိ မိုင်းဆွဲတဲ့နေရာနားမှာပဲ ရှိသေးတယ်၊ စိုင်ကောင်းရဲစခန်း စခတွေ ရောက်နေကြပြီ။” ဟု နတ်မောက်မြို့နယ် ပကဖ တာဝန်ခံက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုများကို နတ်မောက်မြို့နယ် မဟာမိတ်တပ်ပေါင်းစု တပ်ဖွဲ့ဝင်များက လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media