တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ဆွေးနွေးခဲ့သည့် TNLA နှင့်စစ်ကောင်စီတို့ကြား သဘောတူညီမှု မရပဲ တွေ့ဆုံမှုအဆုံးသတ်
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၁၉
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် TNLA နှင့် စစ် ကောင်စီတို့ကြား တွေ့ဆုံဆွေးနွေးမှုသည် သဘောတူညီမှုမရပဲ ပြီးဆုံးသွားကြောင်း TNLA သတင်း နှင့် ပြန်ကြားရေး ဌာနက ထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှစ၍ ၁၇ ရက်နေ့အထိ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်။ ကူမင်းမြို့ရှိ ဟိုင်ဂင်ဟော်တယ်တွင် တရုတ်အစိုးရ၏ အစီအစဉ်အရ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦး ဆောင်သည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ ကိုယ်စားလှယ်များနှင့် ကစထ (၁) မှူးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် စစ်ကောင်စီတပ် ကိုယ်စား လှယ်တို့ အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆွေးနွေးပွဲတွင် နှစ်ဖက်တောင်းဆိုတင်ပြမှုများ အပြန်အလှန်ပြုလုပ်ခဲ့ကြပြီး၊ ဆွေးနွေး ညှိနှိင်း ရန် ခက်ခဲသဖြင့် ၁၇ ရက်နေ့ ညနေပိုင်းတွင် တွေ့ဆုံပွဲ ပြီးဆုံးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြား ရေးဌာနက ထုတ်ပြန်ထားသည်။
ယင်းဆွေးပွဲတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLFမှ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်တန့် နိုင်ရန်အတွက် –
(၁) နှစ်ဖက်တပ် ရောက်ရှိသည့်နေရာတွင် ရပ်တန့်ထားပြီး အပစ်အခတ်ရပ်စဲရန်။
(၂) နှစ်ဖက်စလုံး ထိုးစစ်များပြုလုပ်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေယာဉ်ဗုံးကြဲချခြင်းအစရှိသည့် စစ်ရေးလှုပ်ရှားမှုများအားလုံး ရပ်တန့်ရန်။
(၃) နှစ်ဖက်ထိန်းချုပ်နယ်မြေဒေသများတွင် ဒေသခံပြည်သူများ စားဝတ်နေရေးနှင့် ဆေးဝါးများ သယ်ဆောင်နိုင်ရန်အတွက် ဖြတ်သန်းသွားလာခွင့်ပြုရန်။
စသည့်အချက် ၃ ချက်ကိုသာ ဆွေးနွေးခဲ့ကြောင်း အသိပေးထားသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်ဖက်ညှိနှိင်းဆွေးနွေးမှု ခက်ခဲသည့်အခြေအနေရှိသောကြောင့် သက်ဆိုင် ရာ အဖွဲအစည်းများ အကြား ဆွေးနွေးပြင်ဆင်မှုများ ပြုလုပ်ပြီးပါက နောက်ထပ်တစ်ကြိမ်ပြန်လည် တွေ့ ဆုံနိုင်ရန် တရုတ်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းက ဦးဆောင်ဆွေးနွေးပြီး တွေ့ဆုံမှုကို အဆုံးသတ်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media