ကဗျာ ကဏ္ဍ “သမိုင်းသက်သေ ဗန့်ကျီမြေ”
ပျိုးကြဲလက်
ငါကားစောလူး ၊ သေသောက်ကြူးလည်း
ချစ်ဖူးပါသည် ၊ ငါ့တိုင်းပြည် ။
ငါ့သွေးငါ့သား ၊ ငါ့ပြည်ဖွား၏
ပြည်ခြားရန်စွယ် ၊ အသွယ်သွယ်ကို
ကြံရွယ်တိုက်ထုတ် ၊ အမြစ်ပြုတ်စေ
ထိုးခုတ်ရန်ပယ် ၊ ဗန့်ကျီနယ်၌
တဖယ်တအား ၊ သွေးသောက်များနှင့်
တည်ထားခဲ့သည် ၊ မြို့ကြီးမည်သည့်
ခန့်ထည်ဝံ့ကြွား ၊ မြို့ရိုးအားလျှင်
သင်သွားလေ့လာ ကြည့်ပါလေ ။
သာစွဌာနေ ၊ ဗန့်ကျီမြေမှာ
အခြေတင့်ထူး ၊ ရွှေစောလူးဟု
မြော်ဖူး မဝ ၊ စေတီကလျှင်
ယနေ့ထက်တိုင် ၊ တည်တံ့ခိုင်၏
ငါနိုင်သရွေ့ထမ်းခဲ့သည် ။
မြင်းမူ မြစ်သား ၊ ဒေသများလည်း
တည်ထားစောလူး ၊ စေတီဦးကို
ဖူးမြော်ကြပါလေ ။
ကုလားဥာဏ်ကျယ် ၊ ဘသူကြွယ်ဟု
ရန်စွယ်ညှောင့်ကင်း ၊ ဗဒုံမင်းကို
ဖြိုခွင်းခဲ့တာ ၊ စောလူးငါ ။
ဖက်လိပ်ဘုရား ၊ ငါတည်ထား၍
ခွန်အားဝေစည် ၊ ပုဂံပြည်၌
စေတီမော်ကွန်း တိုးခဲ့သည် ။
ငါ့ထီးငါ့နန်း ၊ ငါ့ကြငှန်းအား
မှန်းဆတုကြံ ၊ ငရမန်ကို
တန်ပြန်တိုက်စစ် ၊ ချွတ်ချော်လှစ်၍
အပြစ်ငါ့သို့ ခချေပြီ ။
စောရကျန်စစ် ၊ သံကောင်းဟစ်လျက်
အပြစ်ပုံဖိ ၊ စောလူးထိစေ
မဏိစန္ဒာ ၊ ငါ့ဘဏ္ဍာကို
ရင်မှာပိုက်ထွေး ၊ အမလေး
မတွေးဝံ့စရာပါလား ။
နင်လည်းယောင်္ကျား၊ ငါယောင်္ကျားမို့
ထောက်ထားမကွက် ၊ သမိုင်းပျက်အောင်
ရက်စက်ယုတ်မာစွတကား ။
ငါ့နန်းစံသက် ၊ ခြောက်နှစ်ထက်ဝယ်
ငါ့လက်ငါ့ခြေ ၊ ငါ့တိုင်းပြည်သို့
ငါသည်အမှန် ပေးခဲ့ပါ၏ ။
ငါ့ခွန်ငါ့အား ၊ လုံ့လများဖြင့်
တည်ထားကြွင်းကျန် ၊ အမွေခံမှ
တန်ပြန်ပြောပြ ၊ စောလူးကလျှင်
လုံးဝမင်းပျော့မင်းညံ့မဟုတ် ။
ကျန်စစ်စောရ ၊ မိုက်မောဟကြောင့်
ငါကသားကောင်ဖြစ်ရသည် ။
ငါကမင်းပျော့ဖြစ်ရသည် ။
ငါကမင်းညံ့ဖြစ်ရသည် ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် ၂၀၂၀ ခုနှစ်၊ မတ်လ ၆ ရက် ညနေ ၃ နာရီ ၁၅ မိနစ်
Thanlwin Myanmar Media