ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းမှ ရဲများဈေးသို့ ဆက်ကြေးထွက်ကောက်စဉ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁ ဦး သေဆုံး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၁၀
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)ထံမှ သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက် နံနက် ၉ နာရီခန့်က ငါန်းဇွန်မြို့နယ် ၊ မြို့သာရဲစခန်းမှ ရဲ ၂ ဦး သည် ရဲစခန်းနှင့် မီတာ ၂၀၀ ခန့်အကွာ ဈေးအတွင်းရှိ ပြည်သူများထံမှ ပစ္စည်းလုယက်ရန်နှင့် ကင်း ပတ် ထွက်လာစဉ် နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ရဲဘော်များက ပဒေသာမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးပွဲချင်းပြီးသေဆုံးပြီး ၁ ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်ဒဏ်ရာရရှိသွားသော ရဲများကို ကားဖြင့် လာရောက် သယ်ယူစဉ် ထပ်မံ၍ မိုင်း ၁ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများတွင် မင်းနေကုန်းရဲစခန်းမှ ရဲတပ်သား လင်းအောင်ဆိုပါသူ ပါဝင်ပြီး ၎င်းတို့ကို မြို့သာ ဆေးရုံမှတဆင့် မန္တလေးဆေးရုံသို့ ထပ်မံပို့ဆောင်လိုက်ကြောင်း သိရသည်။
“ရဲစခန်းနဲ့ ဈေးက မလှမ်းမကမ်းမှာရှိတာဆိုတော့ ကင်းပတ်ရင်း ဈေးထဲမှာရှိတဲ့ ပြည်သူတွေဆီက လိုချင်တဲ့ပစ္စည်းတွေ ယူဖို့ပါ။ ၂ ဦးထွက်လာတာ၊ တစ်ဦးက ဒူးဆစ်ကနေ ပြတ်ထွက်သွားတာ၊ တစ် ဦးက နေရာမှာတင်ပွဲချင်းပြီးသေတယ်။ အဲဒီလူတွေက နောက်ထပ်ကားနဲ့ လာကောက်တာ။ အဲဒီမှာ ထပ်ခွဲလိုက်တော့ ၂ ဦးဒဏ်ရာရတယ်။ စုစုပေါင်း ၁ ဦးသေ၊ ၃ ဦးဒဏ်ရာအပြင်းအထန်ရတာ။ ဒဏ်ရာ ရတဲ့သူတွေကို မြို့သာဆေးရုံကမနိုင်လို့ဆိုပြီး မန္တလေးဆေးရုံပို့လိုက်တယ်လို့ သိရတယ်”ဟု နဂါးနီ ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် မြို့သာစက်မှုဇုန်အတွင်း၌ စစ်ကား ၂ စီးဖြင့် စစ်ကောင်စီတပ် သားများရောက်ရှိနေပြီး မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ တပ်သားများနေထိုင် သွားလာရာ ပတ်ဝန်းကျင်မှ ရှောင်ရှား ၊ သွားလာလှုပ်ရှာမှုပြု လုပ်ကြရန်နှင့် ခရီးသွားပြည်သူ ကား များအနေဖြင့်လည်း ည ၈ နာရီခွဲကျော်ပါက ဖြတ်သန်းသွားလာခြင်းမပြုပဲ ရပ် နားပေးကြပါရန် အထူးမေတ္တာရပ်ခံထားသည်။
Thanlwin Myanmar Media