ကဗျာကဏ္ဍ “ရွှေလက်တွဲ ဖို့ပြန်ခဲ့မည်”
ပျိုးကြဲလက်
ငါလျှောက်သည့်လမ်း ၊ ထောင်နှုတ်ခမ်းသို့
လမ်းဖြောင့်နေလည်း ၊ ငါလျှောက်ဆဲ ။
ငါကူးသည့်လမ်း ၊ ရေဆန်လမ်းက
ပြန်လမ်းပျောက်လည်း ၊ ငါကူးဆဲ ။
ငါလှမ်းသည့် လမ်း ၊ ပင်ပန်းနွမ်းစေ
ခြေလှမ်းမစဲ ၊ ငါလှမ်းဆဲ ။
ရွေးသည့်အလုပ် ၊ ဇနပုဒ်ပင်
ဂုဏ်ပုဒ်ထည်ဝါ ၊ မရှိရာလည်း
ငါပျော်ပါဘိ ၊ ဆက်လုပ်၏ ။
ဪ
ငါ၏ရှေ့မှောက် ၊ အသက်ပျောက်၍
ခြေထောက်ဗလာ ၊ လက်ဗလာနှင့်
အာဇာနည်များ ၊ ဘဝခြားပြီ
စွန့်ထားခဲ့ရာ ၊ သူ့ပြည်ရွာကို
ငါတို့ဝန်ကျေ ၊ ရုန်းကန်လေမှ
တို့မြေ တို့ယာ ၊ တို့မြို့ရွာဟု
ဘယာမဲ့ကင်း ၊ တော်လှန်ခြင်း၏
ဆောင်နှင်းခဲ့ရာ ၊ ပြည့်အာဏာက
သူငါအများ ၊ ရင်ဝယ်သားသို့
တရားနှင့်ညီ ၊ စောင့်ရှောက်မည် ။
ငါ့မြေငါ့ယာ ၊ ငါ့ပြည်သာရေး
ကျရာဝန်ထမ်း ၊ ခရောင်းလမ်းက
ကြမ်းစမ်းပါစေ ၊ အောင်ပန်းခြွေ၍
သပြေတခက် ၊ နံ့သာစွက်နှင့်
ရွှေလက်တွဲဖို့ ပြန်ခဲ့မည် ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက် ညနေ ၃ နာရီ ၃၈ မိနစ်
Thanlwin Myanmar Media