AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောထားသည့်ကတိအတိုင်း ကူညီပေးမှုဖြင့် ဝိတိုရိယ တောင်ထိပ် တွင် ချင်းအလံလွှင့်ထူနိုင်ခဲ့ပြီဟု CDF ကန်ပက်လက်ပြောဆို
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၉
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောထားသည့် ကတိအတိုင်း ကူညီပေးမှုဖြင့် ဝိတိုရိယ (Mt -Victoria) တောင်ထိပ်တွင် ချင်းအလံလွှင့်ထူနိုင်ခဲ့ပြီဖြစ်ကြောင်း Chin Defense Force – Kanpetlet က ထုတ်ပြန်ပြောဆိုလိုက်သည်။
ချင်းပြည်တောင်ပိုင်းတွင် ချင်းလူမျိုးများ စစ်ရေးအောင်မြင်မှု အထိမ်းအမှတ်အနေဖြင့် Mt.Victoria (ဝိတိုရိယတောင်) Khawnumcung ဟု ပြန်လည်မှည့်ယူ ခေါ်ဆိုနိုင်ခဲ့ကြပြီဖြစ်ကြောင်း၊ Mt.Victoria ဝိတိုရိယ တောင်ထိပ်တွင်လည်း ချင်းပြည်အလံတော်ကို လေးစားကြည်ညိုဖွယ်ရာ ကောင်းအောင် လွှင့်ထူနိုင်ခဲ့ပြီဖြစ်ကြောင်း ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ကက ထုတ်ပြန်ထားခြင်းဖြစ် သည်။
ထိုသို့ ချင်းအလံလွှင့်ထူနိုင်မှုသည် ချင်းပြည်သူများ လိုလားတောင်းတခဲ့ကြသည့် သဘောထား စိတ် ဆန္ဒဖြစ်သလို၊ မဟာမိတ် အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့က CCN Channel နှင့် အင်တာဗျူးတွင် “ခင်ဗျားတို့ကိုလည်း ခင်ဗျားတို့ ချင်းပြည်အတွက် ဝိတိုရိယ (Mt.Victoria)တောင်မှာ ချင်းအလံကို လွှင့်ထူနိုင်အောင် ကျွန်တော်တို့ ကူညီပေးမယ်” ဟု ထည့်သွင်းပြောကြားခဲ့ဖူးကြောင်း ပြောဆိုထားသည်။
ယခုချိန်တွင် ချင်းပြည်နယ်တောင်ပိုင်း၌ အကြမ်းဖက် စစ်မိစ္ဆာ အာဏာရှင်များကို အသက်၊သွေး၊ချွှေး များစွာဖြင့်တွန်းလှန်တိုက်ခဲပြီဖြစ်ကြောင်း အသိပေးထားသည်။
စိန်ခေါ်မှုများစွာ၊အခက်ခဲများစွာကြားက မဟာမိတ် အာရက္ခတပ်တော် ( AA ) နှင့် ချင်းညီနောင် တပ်ဖွဲ့ဝင်များ၏ ရင်ချင်းအပ် ကျောချင်းကပ်၍ မလျှော့သော ဇွဲလုံ့လဝိရိယကြောင့် အောင်မြင်ခြင်း မှတ်တိုင် တစ်ခုကို ပူးပေါင်းစိုက်ထူနိုင်ခဲ့ခြင်းဖြစ်ကြောင်း Chin Defence Force – Kanpetlet က ထုတ်ပြန်ထားသည်။
Mt.Victoria (ဝိတိုရိယ) ဆိုသည့် အမည်နာမသည် အင်္ဂလန်နိုင်ငံ – England ဘုရင်မ Queen Victoria ၏ အမည်နာမကို အစွဲပြု၍ ဗြိတိသျှအုပ်စိုးစဉ်အချိန်က ဗြိတိန်- British များက မှည့်ယူ ခေါ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media