ငါန်းမြာကြီးရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၇
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာမှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Nagazun Heros အဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက် နံနက် ၉ နာရီခန့်က ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာအတွင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စစ်ကြောင်းထိုးထွက်လာမည်ဖြစ်ကြောင်း ကြိုတင်သတင်း အရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသင့်စောင့်ကြိုနေရာယူ၍ မီတာ ၁၀၀ အကွာအဝေးမှ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး စနိုက်ပါ ထိမှန်သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိ၍ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
“သူတို့ ထွက်လာမယ်ဆိုတဲ့ သတင်းကို ဖရဲသီးက အရင်ပို့ထားလို့ ကျနော်တို့ဘက်က အရင်ဆုံးနေ ရာအသင့်ယူထားပြီး အသင့်စောင်ပြီး တိုက်ခိုက်ခဲ့တာ။ နှစ်ဖက်တိုက်ပွဲ အကွာအဝေးက မီတာ၁၀၀ လောက်ဘဲ ဝေးတယ်။ သူတို့ဘက်က စစ်သား ၁ ဦးကို ကျနော်တို့ဘက်က စနိုက်ပါနဲ့ ပစ်ခတ်လို့ သေ တယ်။ ထိခိုက်သေဆုံးတာတွေများလို့ ငါန်းမြာကြီးရွာကို တပ်ပြန်ဆုတ်သွားတယ်” ဟု Nagazun Heros အဖွဲ့က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း ၆ တပ်ခွဲ(၁) Ngazun Heroes ၊မြင်းခြံခရိုင် တပ်ရင်း ၇ နှင့် နယ်မြေခံ ပကဖများက ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media