ဂျပန်လွှတ်တော်အမတ်များရုံးခန်း၌ မအောင်မြင်သော စစ်အာဏာသိမ်းမှု ၄ နှစ်မြောက် “ဒီမိုကရေစီ ရေး၊ ငြိမ်းချမ်းရေးနှင့်စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်နိုင်ရေးအတွက် ကြာနားပွဲပြုလုပ်
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၅
ဂျပန်လွှတ်တော်အမတ်များရုံးခန်း၌ မအောင်မြင်သော စစ်အာဏာသိမ်းမှု ၄ နှစ်မြောက် “ဒီမိုကရေစီ ရေး၊ ငြိမ်းချမ်းရေးနှင့်စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်နိုင်ရေးအတွက် ကြာနားပွဲပြု လုပ်ခဲ့ကြောင်း NUG ၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးထံမှ သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့က ဂျပန်နိုင်ငံ၊ လွှတ်တော်အမတ်များရုံးခန်း၌ မြန်မာ့ဒီမိုကရေစီ အရေးကို အားပေးထောက်ခံသော လွှတ်တော်အမတ်များသမဂ္ဂနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးတို့ ပူးတွဲကာ မအောင်မြင်သော စစ်အာဏာသိမ်းမှု ၄ နှစ်မြောက် “ဒီမိုကရေစီရေး၊ငြိမ်းချမ်းရေးနှင့်စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်နိုင်ရေး” အတွက် ပြုလုပ်သည့် မြန်မာ့အရေးကြားနာပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ယင်းကြားနာပွဲ၌ မအောင်မြင်သော စစ်အာဏာသိမ်းမှု ၄ နှစ် အလွန် လက်ရှိမြန်မာနိုင်ငံ၏ ပကတိ အခြေအနေမှန်များ၊ စစ်တပ်မှ အာဏာလုယူမှု နောက်ဆက်တွဲ ပဋိပက္ခများနှင့် ပြည်သူလူထု ရင် ဆိုင်ကြုံတွေ့နေရသော အခက်အခဲများအား ဂျပန်အစိုးရတာဝန်ရှိသူများ၊ လွှတ်တော် အမတ်များ၊ နိုင်ငံတကာ သံတမန်များနှင့်သတင်းမီဒီယာများထံ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ထို့အပြင် အထက်လွှတ်တော် ၊ အောက်လွှတ်တော် အမတ်များထံမှ ကြိုတင်ကောက်ခံထားသည့် လက်မှတ်ရေးထိုးတောင်းဆိုစာအား ကြားနာပွဲသို့ တက်ရောက်ကြသူများမှ တညီတညွတ်တည်း ထောက်ခံအားပေးခဲ့ကြပြီး ဂျပန်အစိုးရထံသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တဆင့်ဆက်လက်ပေးပို့ တောင်းဆိုသွားပါမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကြားနာပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့်ကလေး သူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးနှင့် ဝန်ကြီးဌာနအကြံပေးဖြစ်သူ ဒေါ်ရွှေရွှေ စိန်လတ်တို့မှလည်း တက်ရောက်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး စစ်ရှောင် ကလေးငယ်များ၏ ပန်းချီ များနှင့် မြန်မာပြည်တွင်း အခြေအနေမှန်များအား သိရှိနားလည်နိုင်ရန် ဓါတ်ပုံများအား ခင်းကျင်း ပြသခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ လွှတ်တော်အမတ်အများအပြား စိတ်ဝင် တစားတက်ရောက်ခဲ့ကြပြီး တက္ကသိုလ် ပါမောက္ခများ၊ NGO/NPO များ၊ အလုပ်သမားအဖွဲ့ချုပ်(ILO)မှ တာဝန်ရှိသူများ ၊ နိုင်ငံတကာ သံရုံး များမှ တာဝန်ခံများ၊ သတင်းမီဒီယာများနှင့် မြန်မာ့အရေးအစဉ်တစိုက်ကူညီပေးနေသူ ဂျပန် နိုင်ငံ သားများ၊ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများအပါအဝင် ပရိတ်သတ် ၂၀၀ ကျော် တက်ရောက်ခဲ့ ကြောင်း သိရသည်။
Thanlwin Myanmar Media