ပြည်သူလူထု၏ဆန္ဒကို အခြေခံ၍ ပြည်နယ်/ဖက်ဒရယ်ယူနစ် အားကောင်းရေးကို ရှေ့ရှုသည့် ပြည် နယ်/ဖက်ဒရယ်ယူနစ်အားကောင်းရေးမှ ပြည်ထောင်စုအား ကောင်းရေး (Bottom-up Federalism) ချဉ်းကပ်မှုဖြင့် ဦးတည်လျှောက်လှမ်းနေပြီဟု NUCC ၊ NUG ၊ CRPH ၊ NLD နှင့်ချင်းညီနောင်- CB တို့ ပူးတွဲထုတ်ပြန်
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၄
ပြည်သူလူထု၏ဆန္ဒကို အခြေခံ၍ ပြည်နယ်/ဖက်ဒရယ်ယူနစ် အားကောင်းရေးကို ရှေ့ရှုသည့် ပြည် နယ်/ဖက်ဒရယ်ယူနစ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom-up Federalism) ချဉ်းကပ်မှုဖြင့် ဦးတည်လျှောက်လှမ်းနေပြီဟု NUCC ၊ NUG ၊ CRPH ၊ NLD နှင့်ချင်းညီနောင်- CB တို့ က ဖေဖော်ဝါရီလ ၃ ရက်နေ့က ပူးတွဲထုတ်ပြန်လိုက်သည်။
ဘုံရည်မှန်းချက်သည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး အသွင်သဏ္ဍာန်နှင့် အနှစ်သာရပြောင်းလဲမည့် စနစ်ပြောင်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဖြစ်သည်နှင့်အညီ တန်းတူညီမျှမှု နှင့်ပြည်သူလူထု၏ဆန္ဒကို အခြေခံ၍ ပြည်နယ်/ဖက်ဒရယ်ယူနစ် အားကောင်းရေးကိုရှေ့ရှုသည့် ပြည် နယ်/ဖက်ဒရယ်ယူနစ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom-up Federalism) ချဉ်းကပ်မှုဖြင့် တော်လှန်ရေး ကာလ/ကြားကာလမှ စတင်ကာ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည် ထောင်စု တည်ဆောက်နိုင်သည် အထိ ဦးတည်လျှောက်လှမ်းနေပြီ ဖြစ်ကြောင်း အသိပေးထားသည်။
၂၀၂၅ ခုနှစ်တွင် တိုင်းရင်းသားပြည်သူလူထုတရပ်လုံး လိုလားတောင့်တလျက်ရှိသည့် အောင်မြင်မှု ပန်းတိုင်သို့ အရောက်လှမ်း ချီတက်နိုင်ရန် ရရှိထားပြီးသော စုစည်းညီညွတ်မှုများထက် ပိုမိုကျယ်ပြန့် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများ ရရှိစေရန် ကြိုးပမ်းအားထုတ်ရင်း စုပေါင်းတော်လှန် တိုက်ပွဲ ဝင် လျက်ရှိသည်ဟု ဆိုသည်။
အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုများနှင့်တကွ ၁၀/၂၇ စစ်ဆင်ရေး အပါအဝင် နိုင်ငံတဝှမ်း အလားတူအောင်မြင်မှုများ၊ ကဏ္ဍစုံမှအောင်မြင်မှုများအတွက် တော်လှန်ပြည်သူ များနှင့်သက်ဆိုင် ရာ နိုင်ငံရေး/တော်လှန်ရေးအင်အားစုများအား လေးနက်စွာ ဂုဏ်ပြုပါကြောင်း၊ ကမ္ဘာ့ကုလ သမဂ္ဂ တွင်သံအမတ်ကြီးဦးကျော်မိုးထွန်းအနေဖြင့် မြန်မာနိုင်ငံကိုယ်စားပြုတာဝန်များ ဆက်လက်ထမ်း ဆောင်ခွင့်ရခြင်းကို သံတမန်ရေးရာ ပြည်သူ့အောင်ပွဲအဖြစ် မှတ်ယူကြောင်း ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံနိုင်ငံရေး ခေါင်းဆောင်များနှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးသည် မြန်မာနိုင်ငံ၏ လက်ရှိပြဿနာများကို ဖြေရှင်းနိုင်ရေး အတွက် အလွန်အရေးကြီးသည်ဟု မှတ်ယူပါကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ် ထွန်းရေးအတွက် နိုင်ငံရေးဦးတည်ချက် (၆) ရပ်ကို ချမှတ်ထား အသိပေးထား သည်။ ၎င်းအချက် ၆ ချက်မှာ –
(က) စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး အနာဂတ်တွင် စစ်တပ်၏နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်
(ခ) လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်
(ဂ) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်
(ဃ) သက်ဆိုင်သူ အစုအဖွဲ့များအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲ ပြဌာန်းရန်၊
(င) ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အသစ်အား တည်ဆောက်ရန်၊
(စ) ပဋိပက္ခအတွင်း “လိင်နှင့် ကျား၊မအပေါ် အခြေခံသော အကြမ်းဖက်မှုများ အပါအဝင်” မတရား ကျူးလွန်ခံရသူများအတွက် တရားမျှတမှုပြန်လည်ရရှိရေးနှင့် အသွင်ကူးပြောင်းရေး ကာလ တရားမျှ တမှုရရှိရေး လုပ်ငန်းစဉ် ဖော်ဆောင်ရန်၊
တို့ဖြစ်ကြောင်း သိရသည်။
ပြည်နယ်/ဖက်ဒရယ်ယူနစ်များ သတ်မှတ်ဖွဲ့စည်းရေးနှင့် နယ်နိမိတ်ပိုင်းခြားသတ်မှတ်ရေး ကိစ္စရပ် များကို အသွင်ကူးပြောင်းရေးကာလရောက်ရှိသည့်အခါ ပြည်သူလူထု၏ဆန္ဒကိုအခြေခံ၍ မည်သည့် ခွဲခြားဆက်ဆံခြင်းမရှိစေဘဲ အဓိကသက်ဆိုင်သူအားလုံး ပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများတွင် ငြိမ်း ချမ်းစွာ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တော်လှန်ရေးအင်အားစုများ အချင်းချင်းကြား ဖြစ်ပွားသော မည်သည့်အငြင်းပွားမှုကိုမဆို မိတ်ဖက်ပဋိပက္ခများအဖြစ် မှတ်ယူ၍ ငြိမ်းချမ်းသော နည်း လမ်းများဖြင့်သာ ဖြေရှင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ဆက်လက် အသိပေးထားသည်။
အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုသည် မြန်မာနိုင်ငံ ပြိုကွဲမည့် အခြေအနေသို့ တွန်းပို့ဖန်တီးနေ သည့် အဓိကတရားခံ ဖြစ်သည့်အပြင် မင်းအောင်လှိုင်နှင့်အပေါင်းအပါတို့သည် လူသားမျိုးနွယ် အ ပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် မဖြစ်မနေတာဝန်ခံရမည်ဖြစ်ပြီး တပ်မတော်သား အား လုံးအနေဖြင့် အာဏာသိမ်းအကြမ်းဖက် စစ်တပ်မှစွန့်ခွာ၍ ပြည်သူလူထုလိုလားသော ဂုဏ်သိက္ခာ ရှိသည့် တပ်မတော်တရပ်အဖြစ် ပေါ်ထွန်းလာရေးအတွက် ပူးပေါင်းကြရန် ဖိတ်ခေါ်ထားသည်။
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုသည် ရွေးကောက်ပွဲကျင်းပရန် အခွင့်အာဏာမရှိသည့်အပြင် လက်ရှိ နိုင်ငံရေးအခြေအနေသည်လည်း ရွေးကောက်ပွဲ ကျင်းပနိုင်မည့် အခြေအနေ မဟုတ်ကြောင်း၊ အတုအယောင်ရွေးကောက်ပွဲကို အဓမ္မကျင်းပရန်ပြင်ဆင်နေခြင်းသည် မြန်မာနိုင်ငံပြိုကွဲမှုကို ဦး တည်စေပြီး ပဋိပက္ခများကိုသာ တိုးပွားလာစေမည့်အပြင် ဒေသတွင်းမတည်ငြိမ်မှုများ ပိုမိုပေါ်ပေါက် လာစေမည် ဖြစ်သောကြောင့် ပြည်သူလူထုနှင့် နိုင်ငံတကာအသိုက်အဝန်းက ပူးပေါင်းပါဝင်ခြင်း၊ ပံ့ ပိုးကူညီခြင်း၊ အသိအမှတ်ပြုခြင်းများအား ရှောင်ကြဉ်ကြရန် တိုက်တွန်းထားသည်။
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေသည့် ရာဇဝတ်မှုများနှင့် အဓမ္မစစ်သားစုဆောင်း ခြင်းလုပ်ရပ်တို့ကြောင့် မြန်မာပြည်သူတို့၏ လူမှုစီးပွားဘဝကို အလွန်အမင်းထိခိုက်ပျက်စီးစေပြီး ပြည်တွင်း၊ ပြည်ပသို့ နေရပ်စွန့်ခွါမှုများ တိုးပွားလာစေကာ ဒေသတွင်း မတည်ငြိမ်မှုကို ပိုမိုဆိုးရွား စေမည်ဖြစ်ကြောင်း NUCC ၊ NUG ၊ CRPH ၊ NLD နှင့်ချင်းညီနောင်- CB တို့က အသိပေးထားသည်။
ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများ လက်ရှိခံစားနေရသည့် အတိဒုက္ခ များကို အမြန်ဆုံးကုစားနိုင်ရန် ကျွန်ုပ်တို့တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ လက်တွေ့ကျပြီး ထိရောက်သော ပံ့ပိုးကူညီမှုများ ပေးအပ်ရန် တောင်းဆိုထားသည်။
ထို့အပြင် နိုင်ငံအချို့အနေဖြင့် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူအပေါ်အကြမ်းဖက်လုပ် ရပ်များ ကျူးလွန်နိုင်စေရန် လေယာဉ်ဆီအပါအဝင် စစ်လက်နက်ပစ္စည်းများ ပံ့ပိုးရောင်းချခြင်း၊ သံတမန်ရေးရာအရ အသိအမှတ်ပြုဆက်ဆံခြင်းတို့ကို ရပ်တန့်ရန် ဆက်လက်တောင်းဆိုထားသည်။
NUCC ၊ NUG ၊ CRPH ၊ NLD နှင့်ချင်းညီနောင်- CB တို့အနေဖြင့် တိုင်းရင်းသားပြည်သူလူထုတရပ် လုံး လိုလားတောင့်တသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုကြီး ပေါ်ပေါက်ရေးအတွက် စည်း လုံးညီညွတ်စွာဖြင့် အတူတကွ ဆက်လက်ချီတက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြု ထားသည်။
Thanlwin Myanmar Media