ငဖဲမြို့နယ်၊ ဂုတ်စည်းရိုးကျေးရွာအနီး အင်အား ၁၃၀၀ ခန့်ဖြင့် ခုခံနေသည့် စစ်တပ်စခန်းကို AA တိုက်ခိုက်သိမ်းပိုက်မှု အရာရှိ အပါအဝင် ရာချီသေဆုံးပြီး၊ စစ်သားများ ကစဉ့်ကလျား ထွက်ပြေး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၄
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စည်းရိုးကျေးရွာအနီးတွင် အင်အား ၁၃၀၀ ခန့်ဖြင့် ခုခံနေသည့် စစ်တပ် စခန်းကို အာရက္ခတပ်တော် -AA က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သားရာချီသေဆုံးခဲ့ပြီး စစ်သားများ ကစဉ့်ကလျားထွက်ပြေးနေကြောင်း ဒေသ သတင်းရင်းမြစ်များထံမှ သိရသည်။
ဖေဖော်ဝါရီလ ၂ ရက် ညပိုင်းက ငဖဲမြို့နယ် ဂုတ်စည်းရိုးကျေးရွာအနီး၌ စစ်ကောင်စီ၏ တပ်မ (၉၉) လက်အောက်ခံ ဗျူဟာနှစ်ခုနှင့် တပ်ရင်းခြောက်ရင်းမှ အင်အား ၁၃၀၀ ခန့်ဖြင့် ခံစစ်ပြင်ထားသည့် အကြမ်းဖက်စစ်တပ်စခန်းကို အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ ရာ စစ်သားအလောင်း ၈၀ ခန့်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်တပ်စခန်းအား ထိုးစစ်ဆိုင်တိုက်ခိုက်မှုကို ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်နေ့မှ စကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နတ်ရေကန်စခန်းအပါအဝင် ကာကင်းစခန်းများကို ဒရုန်း၊ လက်နက် ကြီးများဖြင့် စတင်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ ၄ ရက်တာ တိုက်ပွဲ အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၃၀၀ ခန့်သေဆုံးခဲ့ပြီး သေဆုံးသူများတွင် စစ်မှုထမ်းစစ် သား များ အများဆုံးပါဝင်ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂ ရက် ညပိုင်းက စစ်ကောင်စီ၏ ဂုတ်စည်းရိုးစခန်းကို အာရက္ခတပ်တော် – AA က ထိုး စစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်မှအရာရှိအပါအဝင် ၈၀ ခန့်သေဆုံးပြီးတုံးကြီးစခန်း နှင့် တာဝါတိုင်စခန်းဘက်ကို စခန်းစွန့်ခွာ ထွက်ပြေးသွားသည့် စစ်သားများမှာ ပိတ်မိပြီး လက်နက် ချအဖမ်းခံရ သူများရှိကြောင်း၊ အလားတူ တာဝါတိုင်စခန်းကိုလည်း အာရက္ခတပ်တော် – AA က ဖေ ဖော်ဝါရီလ ၃ ရက် နံနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။
အဆိုပါ ဂုတ်စည်းရိုးခံစစ်စခန်းသည် မကွေးတိုင်းအတွင်းရှိ စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)များနှင့် ရခိုင်ပြည်နှင့် မကွေးတိုင်းကိုချိတ်ဆက်ထားသည့် အမ်း-ပဒါန်း လမ်းမကြီးကို ကာ ကွယ်ရန် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တပ်ဆုတ်ပြေးတဲ့သူတွေလည်း ပိတ်မိပြီးဖမ်းခံရတာရှိတယ်။ ဂုတ်စည်းရိုးစခန်းသိမ်းပိုက်ခံရချိန်မှာ စခတွေ အများအပြားလက်နက်ချလို့ လက်နက်ခဲယမ်းတွေလည်း အများကြီး သိမ်းဆည်းရရှိတယ်။ စခတွေသေတာကတော့များတယ်၊ ရာချီရှိတယ်၊ တချို့တွေကမတိုက်ပဲ ထွက်ပြေးကြတဲ့သူတွေ လည်းရှိတယ်။ ပြည်သူ့စစ်တွေများတာ၊ သေတာလည်း ပြည်သူ့စစ်တွေသေတာများတာပါ။ ရာချီ သေတယ်လို့ သိရပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောကြားသည်။
ယင်းတိုက်ပွဲနှင့်ပတ်သက်၍ အာရက္ခတပ်တော် – AA အနေဖြင့် တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပေ။
Thanlwin Myanmar Media