တလုပ်မြို့ရှိ အကြမ်းဖက်စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သားအများအပြားသေဆုံးပြီး စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး စစ်တပ်က တလုပ်မြို့ကို မီးရှို့နေ
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၁
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ရှိ အကြမ်းဖက်စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြားသေဆုံးပြီး လေကြောင်းပစ်ကူပေးတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး ကာ စစ်တပ်က တလုပ်မြို့ကို မီးရှို့နေကြောင်း တလုပ် PDF တပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၁ ရက် နံနက် ၄ နာရီခန့်က မြင်းခြံမြို့နယ်၊ တလုပ်မြို့ရှိ အကြမ်းဖက်စစ်တပ် စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ နံခင်းတစ်ပိုင်းလုံးနီးပါးကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ အများအပြားသေဆုံးကာ စစ်တပ်က ဂျက်ဖိုက်တာ၊ Mi35 ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ခါနီးသော်လည်း ကျည်အင်အားနည်းလာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
“ကျည်အင်အားနည်းလာလို့ ပြန်ဆုတ်ခဲ့ရတာ၊ စခန်းကို ဝိုင်းနိုင်တဲ့အနေအထားထိတော့ ရောက် ခဲ့ တာပေါ့။ စခတွေဘက်ကတော့ အတုန်းအရုံးပဲ သေတာရှိတယ်။ သူတို့ဘက်က နည်းနည်းလေး တောင့်ခံနိုင်တဲ့အနေအထားရတယ်၊ ကျနော်တို့မှာက ကျည်အင်အားနည်းလာတာရယ်ကြောင့် ပြန် ဆုတ်ခဲ့ရတာ၊ ကျနော်တို့ဘက်ကလည်း ထိခိုက်မှုတော့ရှိတယ်။ အသက်အန္တရာယ်တော့ စိုးရိမ်ရစရာ မရှိဘူး။ အခုတော့ နည်းနည်းလေးပြန်ဆုတ်ထားတယ်။စခတွေကတော့ တလုပ်မြို့ကို အခု ၁၁ နာရီ လောက်စလို့ မီးရှို့နေပြီ” ဟု တလုပ် PDF တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းတိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်က လေကြောင်းပစ်ကူသာ ပေးနိုင်ခဲ့ပြီး မြေပြင်စစ်ကူ စစ်ကြောင်းများ ဖြတ်တောက်နိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်မှု ကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ ထို့အပြင် နေအိမ်များ လည်းပျက်စီးမှုရှိကြောင်း သိရသည်။
“မြေပြင်ကတော့ ကျနော်တို့ ဖြတ်တောက်ထားနိုင်တဲ့အတွက် ရောက်လာတာမရှိဘူး။ လေကြောင်း ကနေတိုက်တာက ပြည်သူ ၁ ဦး သေတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်၊ နေအိမ် ပျက်စီးမှုတွေလည်းရှိတယ်၊ တိုက်ပွဲစတော့ မြို့ထဲကထွက်တဲ့ပြည်သူတွေက ထွက်တယ်၊ မထွက်ပဲ ကျန်နေတဲ့ ပြည်သူတွေက လေကြောင်းကနေ ပစ်တာမှာ ထိတာ။” ဟု တလုပ် PDF တပ်ဖွဲ့တာဝန် ရှိသူတစ်ဦးက ပြောဆိုသည်။
Thanlwin Myanmar Media