ဗန်းမော်မြို့၊ လေယာဉ်ကွင်းရှိ ဆီဂိုဒေါင်မီးလောင်ပေါက်ကွဲ၊ အမတ ၃၆၆ တပ်ရင်းတို့ကို အပြီးသတ် သိမ်းပိုက်မှု သံချပ်ကာယာဉ် ၉ စီး သိမ်းဆည်းရရှိ (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၂၆
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ အကြမ်းဖက်စစ်သားများ အထိုင်ချတပ်စွဲထားရာ လေယာဉ်ကွင်းရှိ ဆီဂိုဒေါင်နှင့် အမတ ၃၆၆ တပ်ရင်းတို့ကိုအပြီးသတ်သိမ်းပိုက်ရရှိခဲ့ရာ သံချပ်ကာ ယာဉ် ၉ စီးအပါ အဝင် လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။
ဇန်နဝါရီလ ၂၅ ရက် ညပိုင်းက ဗန်းမော်မြို့ လေယာဉ်ကွင်းနှင့် အမတ (၃၆၆) တပ်ရင်းနှင့် စကခ ၇၂ လက်အောက်ခံ ၇၀၀၆ တပ်ရင်းနှင့် ဗန်းမော်လေယာဉ်ကွင်း တို့ကို ကချင် လွတ်လပ်ရေးတပ်မတော် (KIA) တပ်များက တိုက်ခိုက်ခဲ့ရာ လေယာဉ်ကွင်းရှိ လေယာဉ်ဆီ ဂိုဒေါင် မီးလောင် ပေါက်ကွဲခဲ့ ကြောင်း၊ အမတ ၃၆၆ တပ်ရင်းနှင့် ၇၀၀၆ တပ်ရင်းတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး သံချပ်ကာယာဉ် ၈ စီး ထရပ်ကား ၁ စီး စုစုပေါင်း ၉ စီး သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
“၂၅ ရက် ညနေ ၄ နာရီလောက်က စကခ ၇၂ လက်အောက်ခံ ၇၀၀၆ သံချပ်ကာ တပ်ရင်းကို သိမ်း ပိုက်တာက သံချပ်ကာ ၇ စီးရခဲ့တယ်၊ ပြီးတော့ ဗန်းမော်လေယာဉ်ကွင်း ဆီဂိုဒေါင်ကိုလည်း သိမ်း ပိုက်လိုက်တယ် လို့ သိရတယ်၊ မီးလောင်ပေါက်ကွဲနေတာရှိတယ်။ စကခ ၂၁ အနီးမှာရှိတဲ့ တပ်တွေ ပေါ့” ဟု ဒေသသတင်းရင်းမြစ်က ပြောကြားသည်။
ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KIA အနေဖြင့် ဇန်နဝါရီ ၂၄ ရက်နေ့က ဗန်းမော်မြို့ သိမ်း စစ်ဆင်ရေးကို အရှိန်မြှင့်ခဲ့ရာ ချပ်ကာ တပ်ရင်းကို ဝင်စီးနိုင်ပြီး သံချပ်ကာ ၄ စီး သိမ်းပိုက်ရရှိခဲ့ ကြောင်း၊ ထို့နောက် ဇန်နဝါရီ ၂၅ နေ့တွင် သံချပ်ကာ ၄ စီးနှင့် စစ်သုံးထရပ်ကား၁ စီး ထပ်မံ သိမ်း ဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရစ်သည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဥ် ၊ Y12 လေယာဉ် ဖြင့် ဗုံးကြဲ တိုက်ခိုက်၍အသဲအသန်ခုခံနေကြောင်း၊ ကချင်လွတ်မြောက်ရေးတပ်မတော် – KIA အနေ ဖြင့် ဗန်းမော်မြို့နယ်တစ်ခုလုံးကို အပြီး သတ်သိမ်းပိုက်နိုင်ရန် အဓိက စခန်းကြီး ၂ ခုဖြစ်သော စကခ ၂၁ နှင့် ဗန်းမော် ခလရ ၄၇ ၊ ၂၃၆၊ ၂၃၇ တပ်ရင်း တို့ ကျန်ရှိနေကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှ စတင်၍ ဗန်းမော်မြို့နှင့် မံစီမြို့တို့ကို အပြီး သတ်တိုက်ခိုက် သိမ်းပိုက်ရန် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၈ ရက်နေ့တွင် မံစီမြို့နယ်တစ်ခုလုံးကို KIA နှင့် တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ဗန်း မော်မြို့မှာမူ ယနေ့အချိန်အထိ ဆက်လက် ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media