တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် ယုံကြည်မှုတည်ဆောက်ရေးကို အတိုင်း အ တာတစ်ခုအထိ လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ပြီး စစ်အုပ်စု ဘဏ္ဍာထောက်တိုင် ယိုယွင်းသထက် ယိုယွင်း လာစေရေး စစ်ရေးနည်းအပြင် နိုင်ငံရေးနည်းလမ်းဖြင့်ပါ ကြိုးစားလုပ်ဆောင်ရန် ယာယီ သမ္မတ တိုက်တွန်း
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၂၁
တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် ယုံကြည်မှုတည်ဆောက်ရေးကို အတိုင်း အတာတစ်ခုအထိ လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပြီး စစ်အုပ်စု ဘဏ္ဍာထောက်တိုင် ယိုယွင်းသထက် ယို ယွင်းလာစေရေး စစ်ရေးနည်းအပြင် နိုင်ငံရေးနည်းလမ်းဖြင့်ပါ ကြိုးစားလုပ်ဆောင်ရန် ယာယီ သမ္မတတိုက်တွန်းပြောကြားသည်။
ယနေ့ ဇန်နဝါရီလ ၂၁ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ၃/ ၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“အခုဆိုရင် ကျွန်တော်တို့ အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ ယုံ ကြည်မှု တည်ဆောက်ရေးကို အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ ပြည့်စုံ လုံလောက်ပြီလို့ မပြောနိုင်သေးဘူးလို့ ထင်ပါတယ်။ မဟာမိတ်တွေနဲ့ ယုံကြည်မှု တည် ဆောက်ရေးဟာ “ကြိုးစားပြီးရင် ရပ်ပစ်လိုက်လို့ ရတဲ့ သဘောမျိုး မဟုတ်ဘူး” ဆိုတာ နားလည်ဖို့ လိုပါတယ်။ တိုင်းရင်းသားမဟာမိတ်တွေနဲ့ ယုံကြည်မှုတည်ဆောက်ရေးဟာ ဖြစ်စဉ်ဖြစ်တယ်၊ Process ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ တော်လှန်ရေးခရီးတစ်လျှောက်လုံး ဒီဖြစ်စဉ်ကို အသက်ဝင်အောင် ကြိုးစား တည်ဆောက်နေဖို့ လိုပါတယ်။ ဒါမှသာ ပိုမိုအားကောင်းတဲ့ မဟာမိတ် ရေးရာ နိုင်ငံရေးပဋိညာဉ်တွေကို ခိုင်ခိုင်မာမာ – ကျစ်ကျစ်လစ်လစ်နဲ့ တည်ဆောက်နိုင်မယ်လို့ ယူဆ ပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။
တည်ဆဲအခြေအနေမှသည် မဟာမိတ်များ၏ ယုံကြည်မှု ခိုင်ခိုင်မာမာ ဆက်လက်ရရှိရေးသည် နွေဦး တော် လှန်ရေးတစ်ခုလုံးအတွက်လည်း အင်မတန် အရေးကြီးကြောင်း၊ ထို့အပြင် အကြမ်းဖက် စစ် အုပ်စုကို ဖြို ချသည့် နေရာတွင် စစ်ရေးကဏ္ဍသည် အဓိက အရေးကြီးကြောင်း အသိပေးထားသည်။
လက်ရှိ အချိန်သည် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက် စစ်တပ် အင်အား အချိနဲ့ဆုံး အချိန် ဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုလက်အောက်ရှိ တပ်မတော်သားများ အမြင်မှန် ရရှိရေးနှင့် ပြည်သူ့ ဘက် ကို အလုံးအရင်းဖြင့် ပါဝင်လာစေရေးအတွက် တွန်းတွန်းတိုက်တိုက် ဆက်လက် ကြိုးစားနေ ကြ ရန် လိုကြောင်း၊ စစ်ဆိုတာမှာ တိုက်လို့ နိုင်တယ်ဆိုတာထက် မတိုက်ဘဲ နိုင်အောင်လုပ် နိုင်ခြင်း သည် အကောင်းဆုံးသော မဟာဗျူဟာ ဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတဒူဝါလရှီးလက ပြော ကြားသည်။
ထို့အပြင် အမိန့်ပေးကွပ်ကဲမှုအောက်ရှိ PDF များ၊ တော်လှန်ရေးတပ်ဖွဲ့များ တညီတညွတ်တည်း ဖြစ် ရန် ဆက်လက် တည်ဆောက်ရန် လိုကြောင်း၊ လက်နက်ကိုင် တော်လှန် ရေးသည် တစ်ယောက် တစ်ပေါက် ဖြစ်နေ၍ မရဘူးကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့်လည်း စုစည်းညီညွတ်မှုကို နိုင်ငံရေးအရ တည်ဆောက်မှုအပြင် စစ်ရေးအရ လက်တွေ့ကျကျ တည်ဆောက်နိုင်ရန် ကြိုးစားရ မည်ဖြစ်ကြောင်း တိုက်တွန်းထားသည်။
“ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တော်လှန်ရေးရဲဘော်တွေအနေနဲ့လည်း နိုင်ငံရဲ့ ဘယ်နေရာ ဘယ် ဒေသမှာ မဆို ကာကွယ်ရေး တာဝန်တွေကို အသင့် ထမ်းဆောင်နိုင်စေဖို့ ကြိုးစားစေချင်ပါတယ်။ လက်ရှိ ဆင်နွှဲနေတဲ့ တော်လှန်ရေးဟာ ခုခံတော်လှန်စစ်ဖြစ်သလို၊ စစ်အာဏာရှင်စနစ် တိုက်ဖျက် ရေးဖြစ်တယ်။ ဒေသစွဲစိတ်နဲ့ ကိုယ့်နေရာ ကွက်ကွက်လေးကိုပဲ ကာထားရုံနဲ့ ကျေနပ်တင်းတိမ်ရမယ့် အခြေအနေ မဟုတ်ဘူးဆိုတာ နားလည်ဖို့ လိုပါတယ်။ ဒါ့ကြောင့် တစ်နိုင်ငံလုံး၊ တစ်ပြည်လုံး စစ် အာဏာရှင်လက်အောက်က လွတ်မြောက်ရေးအတွက် မိမိတို့ ဒေသစွဲစိတ်ကို ဖျောက်ပြီး၊ တစ်နိုင်ငံ လုံး အရေးအတွက် ဘယ်နေရာ ဒေသမှာ မဆို တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်နိုင်ဖို့ အမြဲ အသင့်ရှိနေစေချင်ပါတယ်။” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။
အမျိုးသားညီညွတ်ရေးအစိုးရနှင့် ချင်းပြည်ကောင်စီ (CC) ၊ ကြားကာလ ချင်းအမျိုးသားများ အတိုင် ပင်ခံကောင်စီ (ICNCC) တို့ကြား တော်လှန်ရေး ရံပုံငွေ မျှဝေသုံးစွဲမှု အခမ်းအနားကို ဇန်နဝါရီလ ၁၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လိုအပ်ချက်များ၊ အကန့် အသတ်များရှိသော်လည်း ပန်းတိုင်ကို အရောက်လှမ်းနိုင်ရန် ရှိနေသည့် အရင်းအမြစ်များကို မဟာ မိတ်များနှင့်အတူ မျှဝေသုံးစွဲသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
“ကျနော်တို့ အစိုးရဟာ – အမျိုးသားညီညွတ်ရေးကို ရှေ့ရှုတဲ့ အစိုးရဖြစ်တာကြောင့် တော်လှန်ရေး ကာလအတွင်းမှာလည်း ပြည်သူလူထု ဘက်က ထည့်ဝင်လာတဲ့ တော်လှန်ရေးအရင်းအမြစ်တွေကို သက်ဆိုင်ရာ မဟာမိတ်တွေနဲ့ မျှဝေသုံးစွဲရမယ်ဆိုတဲ့ “မူ” ရှိထားပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြီးခဲ့တဲ့ အခမ်းအနားဟာ ကျွန်တော်တို့အနေနဲ့ ဒီမူကို လက်တွေ့ ကျင့်သုံး နေ ကြောင်း ထင်ရှားတဲ့ သာဓက အနေနဲ့လည်း မှတ်တမ်းတင်ချင်ပါတယ်။” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။
လက်ရှိတော်လှန်ရေးသည် ယခင်ထက်ခရီးများစွာ ပေါက်မြောက်ခဲ့ပြီဖြစ်ပြီး နဂိုရှိရင်းစွဲထက် တော် လှန်ရေးခရီး မှတ်တိုင်ပေါင်းများစွာ ဖြတ်သန်းခဲ့ပြီးဖြစ်ကြောင်း၊ အကြမ်းဖက်စစ်အုပ်စုကို အမြစ်ဖြတ် နိုင်ရေးအတွက် စစ်ရေး၊ နိုင်ငံရေးအပြင် ဘဏ္ဍာရေးအရလည်း ယိုယွင်းသထက် ယိုယွင်းလာစေရေး ကြိုးစားကြရန်လိုအပ်ကြောင်း အသိပေးထားသည်။
“အကြမ်းဖက် စစ်အုပ်စု ကို အမြစ်ဖြတ်နိုင်ရေးမှာ စစ်ရေးနဲ့ နိုင်ငံရေးအပြင် ဘဏ္ဍာရေးကဏ္ဍက လည်း အရေးတကြီး ပါဝင်နေပါတယ်။ စစ်အုပ်စုရဲ့ ဘဏ္ဍာရေးဒေါက်တိုင်တွေ ယိုယွင်းသထက် ယိုယွင်းလာစေရေးအတွက် ကျွန်တော်တို့ဟာ စစ်ရေးနည်းလမ်းအပါအဝင် နိုင်ငံရေးနည်းလမ်းနဲ့ လည်း ကြိုးစားလုပ်ဆောင်ဖို့ လိုပါတယ်။ ဒါ့အပြင် စစ်အုပ်စုရဲ့ ဘဏ္ဍာရေးအသက်ရှုပေါက်ကို ချောင်အောင် လုပ်ပေးနေတဲ့ ဒေသ တွင်းသံတမန် အခင်းအကျင်းကိုလည်း အလှည့်အပြောင်းဖြစ် အောင် ကျွန်တော်တို့ဘက်က တွန်း တွန်းတိုက်တိုက် ကြိုးစားဖို့ လိုနေသေးတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ အစိုးရအဖွဲ့ ခေါင်း ဆောင်တွေအနေနဲ့ ဒီကိစ္စကိုလည်း အားထည့် လုပ်ဆောင်ဖို့ တိုက်တွန်းလိုပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။
Thanlwin Myanmar Media