မွန်တော်လှန်ရေး ၄ ဖွဲ့ပူးပေါင်းပြီး တစ်လအကြာ ပူးတွဲစစ်ဆင်ရေး လုပ်ဆောင်ရန် “ရာမညစစ် ကြောင်း” ကို ဖွဲ့စည်း ၊ မွန်ပြည်သူလူထုအနေဖြင့်လည်း တတ်နိုင်သည့် ဘက်မှ ဝိုင်းဝန်းကူညီပေး ကြပါရန် မေတ္တာရပ်ခံ
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၂၀
မွန်တော်လှန်ရေး ၄ ဖွဲ့ပူးပေါင်းပြီး တစ်လအကြာ “ရာမညစစ်ကြောင်း”ကို ဖွဲ့စည်းနိုင်ခဲ့ပြီး မွန်ပြည် သူလူထုအနေဖြင့်လည်း တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီပေးကြပါရန် မွန်တော်လှန်ရေးတပ် – MSRF နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ ၊ အုပ်ချုပ်ရေးကော်မတီ၊ ကာကွယ်ရေး ဌာနမှူး နိုင်ဒင်းပလဟံသာက ပြောကြားသည်။
၂၀၂၅ ခု၊ ဇန္နဝါရီလ ၁၇ ရက်နေ့တွင် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသားလွတ် မြောက်ရေး တပ်မတော် (MNLA-AD) ၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) နှင့်မွန်ပြည်တော်လှန်ရေး တပ် (MSRF) တို့သည် လွတ်မြောက်နယ်တစ်နေရာတွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး တပ်ဖွဲ့ ၄ ဖွဲ့ ၏ ပူးတွဲစစ်ဆင်ရေးလုပ်ငန်းများအတွက် “ရာမညပူးတွဲစစ်ကြောင်း”ကို ဖွဲ့စည်းပြီး ပူးတွဲစစ်ဆင်ရေးများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
“မွန်ပြည်သူလူတွေအမြဲတမ်းပြောပြောနေတဲ့ မွန်တွေဘာဖြစ်လို့ မညီကြသလဲ၊ တပ်အချင်းချင်း ဘာဖြစ်လို့အတူမတိုက်ကြတာလဲ၊ရည်မှန်းချက်ကတူနေတာတောင်ဘာဖြစ်လို့ အလုပ်အတူတူ လုပ်လို့မရသလဲဆိုတဲ့ တိုက်တွန်းချက်တွေ၊ မချင့်မရဲဖြစ်မှုတွေကို ကျနော်တို့အမြဲတမ်းဦးထိပ်ထား ပါတယ်။ အဲဒီလိုဦးထိပ်ထားပြီးတော့လည်းအကောင်အထည်ဖော်နေပါတယ်။ အကောင်အထည် ဖော်နေတဲ့အခါမှာ အခြေအနေအကြောင်းကြောင်းကြောင့် မလုပ်နိုင်တဲ့အခါရှိတယ်၊ ဒါပေမယ့် ကျနော် တို့လုပ်လို့ရသလောက် အခြေအနေပေးသလောက်ကို ကျနော်တို့ ကြိုးစားနေတယ်၊ အောင် မြင်အောင်လည်းလုပ်ပါတယ်၊ ဒါ့ထက်ပိုပြီးတော့လည်း အောင်မြင်အောင် လုပ်ဖို့လည်း စဉ်းစား ထားပါတယ်၊ ဒါ့ကြောင့်မို့ ကျနော်တို့ကိုလည်း တတ်နိုင်တဲ့ဘက်က ကူညီဖို့ မွန်ပြည်သူလူထုကို ပန်ကြားချင်ပါတယ်။” မွန်ပြည်ဖက်ဒရယ်ကောင်စီ ၊ အုပ်ချုပ်ရေးကော်မတီ၊ ကာကွယ်ရေး ဌာနမှူး နိုင်ဒင်းပလဟံသာက ပြောကြားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်နေ့က မွန်ပြည်တော်လှန်ရေးနယ်မြေတနေရာ၌ မွန်ပြည်လွတ် မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (MNLA-AD) ၊ မွန်ပြည် ကာကွယ်ရေးတပ် (MSDF)၊ မွန်ပြည် တော်လှန်ရေးတပ် (MSRF) တို့ စစ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အစည်းအဝေးကျင်းပကာ မွန်တော်လှန်ရေးတပ်များ အားလုံး ပါဝင်သည့် တစ်ခု တည်းသော မွန်တပ်တော် ပေါ်ထွန်းလာရေးကို အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။
ထို့အပြင် အခြားမွန်ပြည်တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့်လည်း ပူးပေါင်းလာမည်ဟု မျှော်လင့်ထားပြီး လာရောက်ဆက်သွယ်ကြရန်၊ ဆွေးနွေးကြရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
“တခြားမွန်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဖို့ကတော့ အခုမှမဟုတ်ပါဘူး။ ကြိုုးစားနေပြီးသားပါ။ ပုံမှန်လေးအမြဲတမ်းတွေ့ကြပါတယ်၊ ဒါပေမယ့် အကြောင်းကြောင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသေး တဲ့အဖွဲ့အစည်းတွေကိုလည်း ဆက်လက်ပြီးတော့ ဆွေးနွေးသွားမယ်၊ လက်တွဲခေါ်သွားမယ်၊ ကျနော် တို့ ယူဆထားတာက မွန်အမျိုးသားအတွက်ကို ရည်ရွယ်ပြီးတော့ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်း တိုင်းမှာ သူ့မှာအခွင့်အရေးရှိတယ်၊ ရပ်တည်ခွင့်လည်းရှိတယ်။ ဒါကို ကျနော်တို့လက် ခံတယ်၊ ဒါကြောင့်မို့လို့ အတူတူလုပ်ကြဖို့ လမ်းဖွင့်ပြီးသားဖြစ်ပါတယ်။ နောက်တစ်ခုအရေးကြီးတာ က လုပ်နိုင်တဲ့အဖွဲ့အစည်းတွေနဲ့ ပထမဆုံးတည်ဆောက်လိုက်တာပေါ့၊ အဲဒါပြီးရင်တော့ တခြား အဖွဲ့အစည်းတွေကလည်းကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကိုယ့် အမြင်၊ ကိုယ့်အယူအဆနဲ့ အလုပ်လုပ် ချင်တဲ့ဆန္ဒကလူတိုင်းမှာရှိကြပါတယ်။ ဒါပေမယ့် ကွဲပြားနေ တဲ့ တော်လှန်ရေးမှာက အောင်မြင်သွာ တဲ့တော်လှန်ရေးက မရှိသေးပါဘူး။ အဲဒီလူမျိုးတစ်မျိုး သို့မဟုတ် လူတန်းစားတရပ်မှာက အောင်မြင် သွားတဲ့တော်လှန်ရေးမှာက တပ်ဦး သို့မဟုတ် ညွန့် ပေါင်းပုံစံနဲ့သွားကြပါတယ်။ သူ့ရဲ့တစ်ယောက်တည်းနဲ့တစ်ဖွဲ့တည်းနဲ့ စုကျဲပြီးတော့ နိုင်သွားတဲ့ သာဓကတွေမရှိသေးပါဘူး၊ ဒါ့ကြောင့်မို့လို့ ကျနော်တို့ဆွေးနွေးပါ၊ ကျနော်တို့ကို ဆက်သွယ်ပါ။ ကျနော်တို့ဘက်ကလည်း ဆွေးနွေးဖို့အဆင့်သင့်ဖြစ်ပါတယ်။ အမြဲတမ်းလမ်းဖွင့်ထားပါတယ်လို့ တိုက်တွန်းချင်ပါတယ်။” ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ ၊ အုပ်ချုပ်ရေးကော်မတီ၊ ကာကွယ်ရေး ဌာနမှူး နိုင်ဒင်းပလဟံသာက ပြောဆိုသည်။
Thanlwin Myanmar Media