ကျွန်းလှမြို့နယ်တွင် စစ်သား၊ ပျူများကို တိုက်ခိုက်ခံရပြီး စစ်သား၊ ပျူ အုပ်ကြီး ၃ ဦး သေဆုံး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၉
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်တွင် အကြမ်းဖက်စစ်သား၊ ပျူ၊ အုပ်ကြီးများကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ က တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။
ဇန်နဝါရီလ ၆ ရက် မွန်းလွဲ ၁ နာရီခန့်က ကျွန်းလှမြို့၊ တောင်ဘက် ၊ ကျွန်းလှ-ကန့်ဘလူ လမ်းပိုင်း၊ သင်ပန်းတောလမ်းခွဲအနီးတွင် အကြမ်းဖက်စစ်သား၊ ပျူများကို တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ပျူ ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရရှိခဲ့ကြောင်း သိရသည်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသွားသော ပျူ ၁ ဦးကို ကန့်ဘလူမြို့ ကုတင် ၁၀၀ ဆေးရုံသို့ ပို့ဆောင် ကုသထားပြီး သေဆုံးသွားသော ပျူ ၂ ဦးကို ဇန်နဝါရီလ ၇ ရက် နံနက်ပိုင်းတွင် ကား ၂ စီး ဖြင့် တင်ဆောင်ကာ ကန့်ဘလူသုဿန်သို့ ပို့ဆောင် သင်္ဂြိုလ်လိုက်ကြောင်း သိရသည်။
“ဖြစ်တာက ကျွန်းလှမြို့တောင်ဘက်အထွက် သင်ပန်းတောရွာလမ်းခွဲနားမှာ ဖြစ်တာ၊ မိုင်းဆွဲပြီး သေနတ်နဲ့ပါ ပစ်သွားတာလို့ ပြောတယ်၊အလောင်းကို တော်တော်နဲ့ မကောက်ရဲကြဘူး၊ ပျူနှစ် ယောက်က ဘယ်ရွာကလဲ မသိဘူး၊ ခွေးဘီလူးနှစ်စီးနဲ့ သယ်ပြီး ကန့်ဘလူမှာပဲ မီးသဂြိုဟ်လိုက်တာ၊ ပေါင်ထိတဲ့သူကတော့ နည်းနည်းဝတယ်၊ ကျွန်းလှမြို့ပေါ်ကလို့ပြောတာပဲ၊ ဆိုင်ကယ် အဝါရောင်ဒိုစီး တဲ့ သူတဲ့၊ သူတို့တွေထိတာ သတင်းမထွက်အောင် ဖုံးဖိနေတာ ကိစ္စချတာတောင် အပြေးအလွှားပဲ၊ အရင်ကလဲ မြို့ပေါ်ပျူတွေတိုက်ပွဲမှာ ကျလာရင် နာရေးတွေ လုပ်ခွင့်မပေးဘူး၊တိုးတိုးတိတ်တိတ်ပဲ ပြီးရတာ” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့တွင်လည်း ကျွန်းလှမြို့နယ်၊ ကြိုးကြာရွာအုပ်ကြီးနှင့် စစ်သားတစ်ဦး ကို ဝက်တိုးရွာအကျော် တံတားအနီး၌ တော်လှန်ရေးအင်အားစုများမှ ပစ်ခတ်ခဲ့ရာ အုပ်ကြီးမှာ လက် ထိမှန်ဒဏ်ရာရရှိပြီး စစ်သားမှာ ဦးခေါင်ပွင့်၍ သေဆုံးသွားကြောင်း သိရသည်။
ကျွန်းလှ-ကန့်ဘလူလမ်းပိုင်းသည် စစ်ကောင်စီစိုးမိုးနယ်မြေဖြစ်ပြီး သင်ပန်းတောလမ်းခွဲသည်လည်း စစ်ကောင်စီတပ်တို့ သဖန်းဆိပ်ဆည်ဘက်ထွက်ရာ၌ တွင်တွင်ကျယ်ကျယ်အသုံးပြုသည့် လမ်းပိုင်း တစ်ခုဖြစ်ကြောင်း သိရသည်။
မြို့ပေါ်နေပြည်သူများမှာ ၈ မိုင်သာ ဝေးသည့် ကျွန်းလှ မှ ကန့်ဘလူသို့ သွားရာတွင် မှတ်ပုံတင် အမြဲတမ်း ယူဆောင် သွားရပြီး စစ်သား၊ ပျူများက မထင်ရင်မထင်သလို မှတ်ပုံတင် စစ်တတ် ကြောင်း သိရသည်။
Thanlwin Myanmar Media