စစ်ကောင်စီက ၎င်းတို့ အာဏာတည်မြဲရေးအတွက် ပြည်သူလူထုကို ပစ်မှတ်ထား သတ်ဖြတ်နေဟု NUG ပြော (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၈
အကြမ်းဖက်စစ်ကောင်စီသည် ငြိမ်းချမ်းရေးစကားကို အယောင်ပြပြောဆိုနေသော်လည်း လက်တွေ့ တွင် ၎င်းတို့ အာဏာတည်မြဲရေးအတွက် ပြည်သူလူထုကို ပစ်မှတ်ထား သတ်ဖြတ်နေကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြား သည်။
ယနေ့ ဇန်နဝါရီ ၈ ရက်နေ့ တွင် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဥ်၌ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် အပေါင်းအပါများက နှစ်သစ်ကူးကာလဖြစ်သော ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နှင့် ဇန်နဝါရီ ၁ ရက်နေ့များတွင် ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည် နယ်၊ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကချင်ပြည်နယ်နှင့် ကျန် ပြည်နယ်နဲ့ တိုင်း အချို့မှ ကျေးရွာ များ၊ စစ်ဘေးရှောင်စခန်းများ၊ ဆေးရုံဆေးခန်းများ၊ ဝတ်ပြုဆုတောင်းပွဲပြုလုပ်နေသော ဘုရား ကျောင်းများနှင့် ပြည်သူလူထု၏ နေအိမ်များကို ဦးတည်ပြီး ဗုံးကြဲတိုက်ခိုက်မှု၊ လေကြောင်းတိုက် ခိုက် မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများကြောင့် ပြည်သူ သေဆုံးမှု (၂၀) ဦးအ ထိရှိခဲ့ ကြောင်း သိရသည်။
“ဒီလိုလုပ်ရပ်တွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ ကျင့်ဝတ်ကင်းမဲ့မှု၊ လူစိတ်ကင်းမဲ့မှုတွေကို ဖော်ပြ နေတာဖြစ်သလို တဖက်မှာ နိုင်ငံတကာထောက်ခံမှုရရုံသက်သက် ငြိမ်းချမ်းရေးဆိုတဲ့စကားကို အ ယောင်ပြပြောဆိုနေပြီး တကယ်တမ်းလက်တွေ့မှာတော့ သူတို့ အာဏာတည်မြဲရေးအတွက် ပြည်သူ လူထုကို ပစ်မှတ်ထားသတ်ဖြတ်နေဆဲပဲဆိုတာပေါ်လွင်စေပါတယ်။ ဒါဟာ မြန်မာပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုတွေ ဘာကြောင့် တော်လှန်ရေးလုပ်နေကြသလဲဆိုတဲ့ အကြောင်းပြချက် များစွာထဲက တခုလည်း ဖြစ်တာကြောင့် အကြမ်းဖက်စစ်ခေါင်းဆောင်တွေစီမံတဲ့အတိုင်း လိုက်နာဖို့၊ အကြမ်းဖက်စစ်ခေါင်းဆောင်တွေနဲ့ အတူယှဉ်တွဲနေထိုင်ဖို့ တိုက်တွန်းနေကြသူတွေလည်း စာနာ နိုင်ကြရအောင် ထောက်ပြပြောကြားလိုပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောကြားသည်။
ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း မဟာမိတ်အင် အားစု များနှင့် နိုင်ငံရေးဆိုင်ရာသဘောတူညီချက်အချို့ ရယူနိုင်ခဲ့ပြီး ယုံကြည်မှုတည်ဆောက် ရေးပိုင်းတွင် လည်း တိုးတက်မှုများစွာရှိခဲ့သည်ဟု ဆိုသည်။
“အချို့သော ပူးပေါင်းဆောင်ရွက်မှုဟာ အကြောင်းကြောင်းကြောင့် လူသိရှင်ကြား ထုတ်ဖော်ပြောပြ ဖို့ ခက်နေသေးတာကိုလည်း ပြည်သူများ နားလည်သဘောပေါက်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု NUG ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားသည်။
ယုံကြည်မှု တည်ဆောက်ခြင်း၊ နိုင်ငံရေး ဆိုင်ရာ သဘောတူညီချက် ရယူခြင်း၊ ပူးပေါင်းဆာင်ရွက် ခြင်း စသည့်အချက်များကို မြှင့်တင်သွားရန် လိုအပ်နေဆဲဖြစ်သော်လည်း ၂၀၂၄ ခုနှစ်သည် တော် လှန်ရေး အင်အားစုများအကြား ယုံကြည်မှု၊ နားလည်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှု သမိုင်းတ လျောက် အားအကောင်းဆုံး ရှိခဲ့သည့်နှစ်ဟု ပြောနိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
တဖက်တွင် အကြမ်းဖက်စစ်အုပ်စုသည် ၂၀၂၅ခုနှစ်အတွင်း တရားမဝင်အတု အယောင်ရွေးကောက် ပွဲကို ကျင်းပရန် စီစဥ်နေသည်ကို တွေ့ရပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို တန်ဖိုးထား လေးစား ကြသည့် နိုင်ငံများအနေဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)၏ ဖမ်းဝရမ်းထုတ်ခြင်း ခံရတော့မည့် စစ်ရာဇဝတ်ကောင် ပြုလုပ်မည့် အဆိုပါ တရားဝင်မှုမရှိသည့် ရွေးကောက်ပွဲအမည်ခံ လုပ်ပွဲကို အား မပေး ခြင်းဖြင့် မိမိတို့၏ နိုင်ငံရေးဂုဏ်သိက္ခာကို စောင့်ထိန်းကြရန် လိုအပ်ကြောင်း ထောက်ပြထားသည်။
Thanlwin Myanmar Media