သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး သေဆုံး နတ်နန်း၊ လူမှုကယ်ဆယ်ရေးရုံး၊ မီးသတ်ရုံးနှင့် နေအိမ် ၂၃ လုံးပျက်စီး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၃
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး နတ်နန်း၊ လူမှုကယ်ဆယ်ရေးရုံး ၊ မီးသတ် ရုံးနှင့် လူနေအိမ် ၂၃ လုံး ပျက်စီးခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့ထံမှ သိရသည်။
ဇန်နဝါရီလ ၂ ရက် ည ၈ နာရီခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အေးချမ်းစွာ လုပ်ကိုင် စားသောက် နေကြသော သပိတ်ကျင်းမြို့နယ် ၊ ချောင်းကြီးကျေးရွာ အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးသီး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၁၆ ဦးအပြင်းအထန် ဒဏ်ရာ ရရှိကာ ၁၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ရွာလယ်တံတားနားက ပိုအထိနာသွားတယ်။ ဒဏ်ရာရသူတွေထဲမှာ စိုးရိမ်ရသူတွေအများကြီးရှိနေ တယ်။ တိုက်ပွဲဖြစ်တာလည်းမဟုတ်ဘူး ဒီအတိုင်းလာချတာ။ ပိုဆိုးတာ လူမှုကူညီရေးအသင့် မေတ္တာ စမ်းရေ ရုံးပေါ်ဗုံးကြကွဲတော့ လူနာတင်ယာဉ်တွေ ၅ စီးပျက်စီးသွားတယ်”ဟု ဒေသနေပြည်သူတစ်ဦး က ပြောကြားသည်။
ထို့အပြင် အရပ်သားပြည်သူ့ နေအိမ် ၂၃ လုံး ၊ မီးသတ်ရုံး ၊ ဘာသာရေးအဆောင်အဦး(နတ်နန်း)၊ မေတ္တာစမ်းရေ လူမှုကယ်ဆယ်ရေးရုံးနှင့် ကူညီကယ်ဆယ်ရေးကား ၅ စီး တို့ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media