ရွှေဘိုမြို့နယ်၊ တရော်တောကျေးရွာပကဖခေါင်းဆောင်ဇင်မိုးက CDM ဝန်ထမ်းများနှင့် ကျေးရွာနေ ပြည်သူများအပေါ်နှိပ်စက်နေမှု အရေးယူပေးသူမရှိ
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၃၀
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တရောတောကျေးရွာနေ ပကဖခေါင်းဆောင် ဇင်မိုးက CDM ဝန်ထမ်း များနှင့် ကျေးရွာနေပြည်သူများအပေါ် နှိပ်စက်မှုလုပ်ဆောင်နေပြီး တိုင်ကြားသော်လည်း အရေးယူ ပေးသူမရှိကြောင်း ဒေသနေပြည်သူများထံက သိရသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းက ဒုတပ်ရင်းမှူးအောင်မျိုးသွင် ဦးဆောင်ပြီး အင်အား ၄၀ ကျော်ဖြင့် CDF (ပလက်၀) ထံတွင် ပြည်သူ့ရင်ခွင်ခိုလှုံခဲ့သူများထဲမှ ၈ ဦးသည် ဂန့်ဂေါမြို့နယ်မှတဆင့် အသိ ဆွေ မျိုးများရှိရာ ရွှေဘိုမြို့နယ်၊ တရောတောကျေးရွာသို့ လာရောက်ကာ သာမန်ပြည်သူဘဝဖြင့် လုပ်ကိုင်စားသောက်နေကြောင်း၊ သို့သော်လည်း ကျေးရွာ ပကဖ ခေါင်းဆောင်ဇင်မိုးက သေနတ်ဖြင့် ချိန်ရွယ်ချိန်းခြောက်ကာ ဒူးထောက်ခိုင်း၊ ကျေးရွာအပြင်ထွက်ခွင့် မပေးခြင်းတို့ လုပ်ဆောင်နေ ကြောင်း သိရသည်။
“ရဲဘော်တွေက ပလက်၀ကနေ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့တဲ့ ရဲဘော်တွေ။ ဒီမှာလာပြီး သာမန်ပြည်သူ အနေနဲ့ နေဖို့ကြိုးစားနေတာ။ အခု ဒီနေ့ (ဒီဇင်ဘာလ ၂၉ ရက်) ဖြစ်တာက ကြက်သွန်ကူ စိုက်ဖို့ သွားနေတုန်း ပကဖခေါင်းဆောင်ဇင်မိုးရောက်လာပြီး သေနတ်နဲ့ချိန် ဒူးထောက်ခိုင်းတာ။” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။
အလင်းဝင်ရောက်ခဲ့သူများမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ သူရဲကောင်း ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂန့်ဂေါမြို့နယ်ရှိ ပြည်သူ့ရင်ခွင်စခန်းမှ ထောက်ခံချက်တို့ဖြင့် လာရောက်နေထိုင်ခြင်းဖြစ်ကြောင်း သိရသည်။
“CDM တွေက သူတို့က ဒီလ ၁၂ ရက်နေ့က ရွာကိုရောက်လာတာ။ သူတို့ရောက်ကြောင်းကို တိုက် နယ် ပကဖလည်း သတင်းပို့ထားတယ်။ တပ်ရင်း ၅ က IO ကလည်း လာစစ်သွားတယ်။ ဒါကို ရပ် ကျေး ပကဖက လာခြိမ်းခြောက်သွားတာ”ဟု တရော်တောကျေးရွာသားတစ်ဦးက ပြောသည်။
ထောက်ခံစာအပြည့်အစုံဖြင့် လာရောက်ခြင်းဖြစ်သော်လည်း သာမန်ပြည်သူအနေဖြင့် နေထိုင် ခွင့်မရှိဘဲ ပကဖ၏ ကန့်သတ်ချက်များကြောင့် အကျယ်ချုပ်ကျနေသလို ခံစားရကြောင်း CDM ရဲဘော်တစ်ဦးက ပြောကြားသည်။
“ကျွန်တော်တို့က ပြည်သူဆီကစားနေရလို့ ပြည်သူကို ကူလုပ်ဖို့ ကြိုးစားနေတာ။ လုပ်အားခရဖို့ လည်း မမျှော်လင့်ဘူး။ ဒါကို သေနတ်နဲ့ချိန် ဒူးထောက်ခိုင်းခံရတော့ စိတ်ထဲမှာ တော်တော်ခံစားရ တယ်”ဟု ခမရ ၂၁၉ မှ အလင်း၀င်ခဲ့သည့် ရဲဘော်က ပြောဆိုသည်။
ကျေးရွာပကဖခေါင်းဆောင်ဇင်မိုးသည် ရွာသူရွာသားများကိုလည်း မကြာခဏဖမ်းဆီးခြင်း၊ ရိုက် နှက်ခြင်းများ ပြုလုပ်လေ့ရှိပြီး တိုင်ကြားသော်လည်းအရေးယူမှုမရှိကြောင်း သိရသည်။
Thanlwin Myanmar Media