ညောင်လေးပင်မြို့နယ်၊ ဂျောင်းတာရွာထိပ်ရှိ စစ်တပ်ဂိတ်စခန်းနှင့် ကျောင်းစုပျူခေါင်းဆောင်နေအိမ် ကို ဝင်ရောက်စီးနင်းမှု လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၂၃
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ဂျေင်းတာရွာထိပ်ရှိ စစ်ကောင်စီတပ်စခန်းနှင့် ကျောင်းစုပျူခေါင်း ဆောင်နေအိမ်ကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့ရာ လက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိ ခဲ့ကြောင်း ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ဒီဇင်ဘာလ ၂၂ ရက် နံနက် ၁ နာရီခန့်က ညောင်လေးပင်မြို့နယ် ဂျောင်းတာရွာထိပ် စစ်ကောင်စီ ဂိတ်စခန်းကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ဂိတ်စခန်းမှ MA 3 သေနတ် ၁ လက်၊ ရှေ့ထွက်မိုင်း ၁ လုံး၊ အီနာကာဗုံးသီး ၂ လုံးနှင့် ပြည်သူထံမှ ငွေကောက်ခံထား သော စာရွက်စာတမ်းများ သိမ်းဆည်းရရှိခဲ့ကာ ဂိတ်စခန်းကို မီးရှို့နိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ညောင်လေးပင်မြို့နယ်၊ ဂျောင်းတာအုပ်စုအတွင်း ပျူအင်အားစုကာ စစ်သင်တန်းပေးနေ သော ပျူခေါင်းဆောင် အုပ်ကြီး စိုးမိုးအောင်၏ နေအိမ်ကိုလည်း တပြိုင်တည်း ဝင်ရောက်ပစ်ခက်ခဲ့ ရာ လက်လုပ် ကိုး လုံးသေနတ် ၂ လက် နှင့် လက်လုပ်သေနတ်အတု ၂ လက် သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းလျက်ရှိပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ တစုံတရာ ထိခိုက်မှုမရှိ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို KNLA နှင့် ပဲခူးခရိုင်ပကဖ ဦးဆောင်၍ ဒိုက်ဦးမြို့နယ်ပကဖ၊ ကဝမြို့နယ် ပကဖ၊ ရန်ကုန်တိုင်းတိုက်ခိုက်ရေးတပ်ဖွဲ့ ၅ ၊ မအူပင်ခရိုင်ပကဖ နှင့် ဝေါမြို့နယ်ဆေးတပ်ဖွဲ့ တို့ ပူးပေါင်းကာ စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတူ နံနက် ၂ နာရီခန့်မှ စ၍ လက်ရုံးတပ်များဖြစ်သော ပဲခူးခရိုင် အင်းတကော်နှင့် ကဝမြို့နယ် ဒရုန်းတပ်ဖွဲ့မှလည်း ရွှေကျင်မြို့နယ် ဒုံဇရစ် ၅၈၉ တပ်ရင်း၏ လက်နက်တိုက်၊ ကင်းဂိတ်နေရာများ ကို ဒရုန်းဖြင့် ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သားထိခိုက်သေဆုံးပျက်စီးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media