တစ်နှစ်အတွင်း တိုင်းစစ်ဌာနချုပ်ကြီး ၂ ခု ချေမှုန်းနိုင်မှုသည် အကြမ်းဖက်စစ် ကောင်စီနေဝင်ချိန် ရောက်ရှိလာတော့မည်ကို ပြသလိုက်ခြင်းဖြစ်သည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလပြော
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၂၂
တနှစ်အတွင်း တိုင်းစစ်ဌာနချုပ်ကြီး ၂ ခု ချေမှုန်းနိုင်မှုသည် အကြမ်းဖက်စစ်ကောင်စီနေဝင်ချိန် ရောက်ရှိလာတောမည်ကို ပြသလိုက်ခြင်းဖြစ်ဖြစ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြော ဆိုလိုက်သည်။
ဒီဇင်ဘာလ ၂၀ ရက်နေ့က အာရက္ခတပ်တော်၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ကို အပြီး သတ်သိမ်းပိုက်နိုင်ခြင်း အောင်ပွဲအတွက် ပေးပို့သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာတွင် ၎င်းက ထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ် ၁ နှစ်တာအတွင်း မြန်မာစစ်တပ်၏ တိုင်းစစ်ဌာနချုပ်ကြီး ၂ ခုကို တော်လှန်ရေးတပ်ဖွဲ့ များက တိုက်ခိုက်ခြေမှုန်းနိုင်လိုက်သည့် ဖြစ်ရပ်သည် သမိုင်းဝင်အောင်ပွဲများဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ၏ အဆုံးသတ် နေဝင်ချိန် မကြာခင်ရောက်ရှိလာတော့မည်ဆိုသည်ကို ပြသလိုက်ခြင်း ဖြစ်ကြောင်း NUG ယာယီသမ္မတဒူဝါလရှီးလက ပြောကြားသည်။
အာရက္ခတပ်တော် ခေါင်းဆောင်များ၏ ဦးဆောင်မှုနှင့်အတူ ရခိုင်ပြည်နယ်တခုလုံး စစ်အာဏာရှင် လက်အောက်မှ မကြာမီ လွတ်မြောက်မည်ကို အပြည့်အ၀ ယုံကြည်ပြီး မြန်မာတပြည်လုံးနှင့် ပြည်သူ တရပ်လုံး လွတ်မြောက်ရေးအတွက် စစ်အာဏာရှင် စနစ်နှင့် စစ်အုပ်စု အဆုံးသတ် ပြုတ်ကျရေး အတူတကွ လက်တွဲတိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ဆက်လက် ပြောဆိုထားသည်။
အာရက္ခတပ်တော် ခေါင်းဆောင်များ၏ ဦးဆောင်မှုနှင့်အတူ ရဲဘော်ရဲဘက်များ၏ ရဲစွမ်းသတ္တိ အ ပြည့်ဖြင့် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်မှုများကြောင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့မှုသည် အရက္ခပြည်သူများ၏ အောင်ပွဲဖြစ်သည်သာကမ စစ်အာဏာရှင် စစ်ကောင်စီ ဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တော်လှန်တိုက်ပွဲဝင် နေကြသည့်မြန်မာပြည်သူတရပ် လုံး နှင့် နိုင်ငံတဝန်းရှိ တော်လှန်ရေးအင်အားစုများအားလုံး၏ အောင်ပွဲဖြစ်ကြောင်း၊ ယင်းအောင်ပွဲ ကြောင့် တော်လှန်ရေးစိတ်ဓါတ်ခွန်အားကို အမြင့်မားဆုံးရောက်ရှိစေသည်ဟုဆိုသည်။
ယခုကဲ့သို့ ကြီးမားသည့် အောင်ပွဲရရှိရန်အတွက် အာရက္ခတပ်တော်ခေါင်းဆောင်များ၏ ဦးဆောင်မှု၊ ရဲဘော်ရဲဘက်များ၏ အသက်နဲ့ကိုယ်လက်ခန္ဓာ ပေးဆပ်စွန့်လွှတ်အနစ်နာခံမှု၊ အာရက္ခ ပြည်သူများ ၏ ဆင်းရဲဒုက္ခအမျိုးမျိုးကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်မှု၊ စည်းလုံးညီညွတ်မှုများကို မှတ်တမ်းတင် ဂုဏ်ပြု၍ အလေးအမြတ်ပြုပါကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
Thanlwin Myanmar Media