တနင်္သာရီမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာရှိ နေအိမ်ဈေးဆိုင်ကို စစ်သား ၂ ဦးက ဓားပြဝင်တိုက်၊ ဖုန်း ၂ လုံး၊ ငွေ ၃ သိန်း၊ အချို့ရည်နဲ့မုန့်တွေယူဆောင်သွား
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၁၅
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စု၊ ထန်းပင်ကုန်းကျေးရွာရှိ နေအိမ် ဈေးဆိုင် တစ်ဆိုင်ကို အကြမ်းဖက် စစ်သား ၂ ဦးက ဓားပြဝင်တိုက်ခိုက်ခဲ့ရာ ဖုန်း ၂ လုံး၊ ငွေ ၃ သိန်းကျပ်၊ အချို့ရည်နဲ့ မုန့်တွေပါယူဆောင်သွားတယ်လို့ တနင်္သာရီမြို့နယ် ပကဖ ဇုံ ၅ တောဗုံးကြီးအဖွဲ့ထံက နေ သိရပါတယ်။
မနေ့က (ဒီဇင်ဘာလ ၁၄ ရက်) ည ၁၁ နာရီက တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စု၊ ထန်းပင် ကုန်း ကျေးရွာရှိ ပြည်သူ့နေအိမ်ဈေးဆိုင်တစ်ဆိုင်ကို ဇဝဲကျေးရွာအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ တပ် ခမရ ၅၅၆ တပ်ရင်းက လှည့်ကင်းစစ်သား ၂ ဦးက သေနတ်ဖြင့်ချိန်ရွယ်ကာ ခြိမ်းခြောက်ပြီး ဖုန်း ၂ လုံး ၊ ငွေ ကျပ် ၃ သိန်း (၃၀၀၀၀၀) ၊ ဆိုင်မှာရောင်းချနေတဲ့ အချိုရည်ဘူးနဲ့ မုန့်တွေပါယူဆောင် သွားတာလို့ သိရပါတယ်။
Photo – ပုံဟောင်း
“ပထမတစ်ယောက် အရင်ဆုံး ဈေးကို အကြွေးနဲ့လာဝယ်တယ်၊ အဲဒီပြီးမှ သေချာစီစဉ်ပြီး ဓားပြဝင် တိုက်တာ၊ သေနတ်နဲ့ခြိမ်းခြောက်ပြီး ဓားပြတိုက်တာပါ၊ လူတော့ ဘာမှ မလုပ်ခဲ့ဘူး။ ဓားပြတိုက်မှုနဲ့ ပတ်သက်ပြီး တိုင်တာမျိုးတော့ မကြားမိဘူး။ ပြည်သူတွေကတော့ ကြောက်နေရတာဆိုတော့” လို့ တနင်္သာရီမြို့နယ် ပကဖ ဇုံ ၅ တောဗုံးကြီးအဖွဲ့မှ တာဝန်ရှိသူတစ် ဦးက ရှင်းပြပါတယ်။
အဲဒီ ထန်းပင်ကုန်းကျေးရွာဟာ ဇဝဲကျေးရွာ အခြေစိုက် ခမရ ၅၅၆ တပ်ရင်းနဲ့ဆိုရင် ၆ ဖာလုံခန့်သာ ကွာဝေးသလို အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ နေ့ညအမြဲမပြတ် ကင်းလှည့်နေတဲ့ ကျေးရွာ တစ်ရွာလည်းဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင် စီတပ်ခမရ ၅၅၆ တပ်ရင်းဟာ ၁၉၉၃ ခုနှစ်မှာ ဇဝဲရွာမှာ အခြေစိုက် တပ် ရင်း တည်ဆောက်ခဲ့တာဖြစ်ပြီး ယခုဓားပြတိုက်မှုဖြစ်စဉ်က ပထမဆုံးအကြိမ်ဖြစ်တာလို့ သိရပါတယ်။
Thanlwin Myanmar Media