အာဆတ်မတိုင်မီနှင့် ကျဆုံးပြီးနောက် ဆီးရီးယားအရေးတွင် ပါဝင်ပတ်သက်နေသော နိုင်ငံကြီးများ
သခင်ဇော်ကြီး (ဘာသာပြန်ဆောင်းပါး)
ဒီဇင်ဘာလ ၈ ရက်နေ့က အာဏာရှင် ဆီးရီးယားသမ္မတ ဘာရှာအယ်အာဆတ်ရဲ့ ၁၃ နှစ်ကြာ အုပ်ချုပ်မှု ကို အဆုံးသတ်စေခဲ့ပါပြီ။
ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲတွေကို ဘာရှာအယ်အာဆတ်က ပစ်ခတ်သတ်ဖြတ်ချေမှုန်းပြီးနောက် ၁၃ နှစ်ကြာ ပြည်တွင်းစစ်အတွင်း လူပေါင်း သန်းဝက်ကျော် သေဆုံးခဲ့ကာ သန်းနှင့်ချီတဲ့ ပြည်သူတွေ လည်း အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့ရပါတယ်။
အာဏာရှင် အာဆတ် ရုရှားကို ထွက်ပြေးပြီးနောက် ဆီးရီးယားနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်း မည်ကဲ့သို့ ပုံဖော်လာမည်ကို ကမ္ဘာက စောင့်ကြည့်နေပါတယ်။
အာဆတ်ကို ကျောထောက်နောက်ခံပြုခဲ့တဲ့ ရုရှားနှင့် အီရန်က တစ်ဖက်တွင် တော်လှန်ရေး အုပ်စုများ ကို ပံ့ပိုးပေးခဲ့တဲ့ အမေရိကန်နှင့် တူရကီတို့က တဖက်အပြင် အစ္စရေးကလည်း ပါဝင်လာနေပြီဖြစ်တဲ့ အတွက် ဆီးရီးယားနိုင်ငံရေးမှာ ရှေ့ဆက်ဘယ်လိုပါဝင်သွားကြမလဲလေ့လာကြအောင်။
တူရကီ
======
ဆီးရီးယားပြည်တွင်းစစ်အတွင်း တူရကီနိုင်ငံဟာ အတိုက်အခံအင်အားစုဖြစ်တဲ့ ဆီးရီးယား အမျိုးသား တပ်မတော် (SNA) ကို လက်နက်၊ စစ်ရေးနှင့် နိုင်ငံရေးတွေကို အဓိက ပံ့ပိုးထောက်ပံ့ခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံရဲ့ မြောက်ပိုင်း အိမ်နီးချင်းနိုင်ငံက ကာ့ဒ် YPG ပြည်သူ့စစ်တွေကို ထိန်းချုပ်ဖို့ သူပုန်တွေ ကို အသုံးပြု နေတယ်လို့ စွပ်စွဲထားပါတယ်။
တူရကီကလည်း သူ့နိုင်ငံတွင်းနေထိုင်နေတဲ့ ဆီးရီးယားဒုက္ခသည် သုံးသန်းလောက်ကို နေရပ်ပြန်စေချင်နေပါတယ်။
YPG က အမေရိကန် ကျောထောက်နောက်ခံပြုထားတဲ့ ကာ့ဒ်ဦးဆောင်တဲ့ ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ (SDF) မဟာမိတ်အဖွဲ့မှာ အကြီးဆုံး ပြည်သူ့စစ်ဖြစ်ပါတယ်။
စစ်ပွဲအတွင်း တူရကီတပ်တွေနဲ့ မဟာမိတ်သူပုန်တပ်တွေက ဆီးရီးယားမြောက်ပိုင်းနယ်စပ်တစ် လျှောက်မှာရှိတဲ့ နယ်မြေအများအပြားကို သိမ်းပိုက်ခဲ့ပါတယ်။
၂၀၂၀ ခုနှစ်မှာ တူရကီနဲ့ ရုရှားတို့က အနောက် မြောက်ဘက်မှာရှိတဲ့ သူပုန်တွေရဲ့ အမာခံနယ်မြေဖြစ်တဲ့ Idlib ကို ထိန်းချုပ်နိုင်ဖို့နဲ့ အစိုးရရဲ့ တွန်းအားပေးမှုကို ရပ်တန့်ဖို့ အပစ်အခတ်ရပ်စဲရေးကို ကြားဝင်စေ့ စပ်ခဲ့ပါတယ်။
Idlib ဟာ ခုအာဆတ်ကို ဖြုတ်ချခဲ့တဲ့ အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ Hayat Tahrir al-Sham (HTS) က ၂၀၁၇ ခုနှစ်ကတည်းက အုပ်ချုပ်ခဲ့တဲ့ နယ်မြေ ဖြစ်ပါတယ်။
တူရကီရဲ့ ကောင်းချီးမပေးဘဲ ထိုးစစ်က မဖြစ်မြောက်နိုင်ဘူးလို့ လူအများက ယုံကြည်ကြပါတယ်။
တူရကီကလည်း HTS ကို ကျောထောက်နောက်ခံပြုမှုကို ငြင်းဆိုထားပါတယ်။
တချိန်တည်းမှာပဲ၊ ဆီးရီးယားမြောက်ပိုင်းမှာ ပဋိပက္ခတွေ ဆက်ဖြစ်နေပြီး- Assad ပြုတ်ကျလာတာနဲ့ အမျှ SNA က SDF ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို သီးခြား ထိုးစစ်ဆင်နေပါတယ်။
ရုရှား
ရုရှားဟာ အာဆတ်အစိုးရနဲ့ ဆယ်စုနှစ်များစွာကြာ ဆက်ဆံရေးရှိပြီး ပြည်တွင်းစစ်မတိုင်မီကတည်းက အဲဒီနေရာတွင် စစ်အခြေစိုက်စခန်းများ ထားရှိခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ဆီးရီးယားမှာ သူ့တပ်ဖွဲ့တွေရောက်ရှိနေမှုက အာဆတ်ရဲ့ထောက်ခံ ပြုမှု ကိုအသုံးချကာ ဒေသတွင်းမှာ အနောက်အုပ်စုရဲ့ သြဇာလွှမ်းမိုးမှုကို စိန်ခေါ်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ ရုရှားက လေကြောင်းစစ်ဆင်ရေးကို စတင်ခဲ့ပြီး အာဆတ်အစိုးရကို ထောက်ခံရန် တပ်ဖွဲ့ ဝင် ထောင်ပေါင်းများစွာ စေလွှတ်ခဲ့ပါတယ်။
အပြန်အလှန်အားဖြင့် ရုရှားရဲ့ အာဖရိကတိုက်အတွင်းနဲ့ အပြင်ကို စစ်ဘက်ဆိုင်ရာ အထောက်အပံ့တွေ ပေးပို့ရန်အတွက် မြေထဲပင်လယ်အရှေ့ပိုင်းရှိ အရေးကြီးပြီး အချက်အချာနေရာတွေမှာ လေတပ် အခြေ စိုက် စခန်းနဲ့ ရေတပ်အခြေစိုက်စခန်းတို့ အတွက် ၄၉ နှစ် ငှားရမ်းပေးခဲ့ရပါတယ်။
အဲဒီငှားရမ်းမှုက ရုရှားရဲ့ ကမ္ဘာ့ပါဝါအဖြစ် အခိုင်အမာရပ်တည်ဖို့ ကြိုးပမ်းရာမှာ အရေးပါတဲ့ ခြေလှမ်း တစ်ခုဖြစ်ကာ အရင်က ဆိုဗီယက်အစုအဖွဲ့မှာ ရှိခဲ့တဲ့ နိုင်ငံတွေအပေါ် ထိန်းချုပ်နိုင်ဖို့အတွက် အရေးပါခဲ့ ပါတယ်။
ဒါပေမယ့် ၂၀၂၂ ခုနှစ်မှစလို့ ရုရှားက ယူကရိန်းနိုင်ငံအပေါ် စစ်ပွဲဆင်နွှဲရနေရတဲ့အတွက် အာဆက် အစိုးရအပေါ် ထောက်ခံမှုမပြုနိုင်တော့တဲ့အတွက် ဆီရီးယားစစ်တပ်က အရှုံးတွေနဲ့ ရင်ဆိုင်လာခဲ့ရ ပါတယ်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ နှောင်းပိုင်းနဲ့ ဒီဇင်ဘာလအစောပိုင်းမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေက ဆီရီး ယားမြို့ တော် ဒမတ်စကဒ် အထိပါတက်ပြီး အာဆတ်အစိုးရကိုဖြုတ်ချလိုက်ချိန်မှာ အာဆတ်မိသားစု လည်း ရုရှားကို ထွက်ပြေးရပါ တော့တယ်။
အမေရိကန်
၂၀၁၁ ခုနှစ် ဆီးရီးယားမှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေကို အင်အားသုံး ဖြိုခွင်းခဲ့ပြီးနောက် အမေရိကန်သမ္မတ ဘားရက် အိုဘားမားက အာဆတ်အစိုးရအား ပြစ်တင်ဝေဖန်ခဲ့သော်လည်း အမေရိကန်အနေနဲ့က IS အဖွဲ့ကို တိုက်ဖျက်ဖို့အတွက်သာ စစ်ရေးအရ ပါဝင်ခဲ့တာပါ။
အမေရိကန် ဦးဆောင်တဲ့ ကမ္ဘာလုံးဆိုင်ရာ ညွန့်ပေါင်းအဖွဲ့က အရှေ့မြောက်ဘက်ရှိ IS စစ်သွေးကြွတွေ ထိန်းချုပ်ထားတဲ့ နယ်မြေကို သိမ်းပိုက်နိုင်ဖို့အတွက် ကာ့ဒ်ဦးဆောင်တဲ့ သူပုန်အဖွဲ့ SDF ကို ကူညီပေးဖို့ ၂၀၁၄ ခုနှစ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ကာ အထူးတပ်ဖွဲ့တွေ ဖြန့်ကျက်ချထားခဲ့ပါတယ်။
အာဆတ်အစိုးရ ပြုတ်ကျသွားပြီးနောက် IS တွေက မတည်မငြိမ်ဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေကို အခွင့်ကောင်း မယူနိုင်စေဖို့ ဆီးရီးယားအလယ်ပိုင်းရှိ IS စခန်းတွေကို ဒါဇင်နဲ့ချီတဲ့ လေကြောင်းတိုက် ခိုက်မှု တွေ ပြုလုပ်ခဲ့တယ်လို့ အမေရိကန်အစိုးရက ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် ဇန်န၀ါရီလမှာ ရာထူးတာဝန်ယူမယ့် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က ဆီးရီးယားနိုင်ငံ မှာ အရှုပ်အထွေးဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
၂၀၁၉ ခုနှစ် ဒေါ်နယ်ထရမ့် သမ္မတဖြစ်တဲ့အချိန်က ဆီးရီးယားမှာရှိတဲ့ အမေရိကန်တပ်တွေ ရုပ်သိမ်းခဲ့ သလို ယူပေးထားတဲ့ တာဝန်တွေကိုလည်း တဖြည်းဖြည်း လျော့ချခဲ့ပါတယ်။
လက်ရှိမှာ ဆီရီးယားမှာတော့ အမေရိကန် တပ်ဖွဲ့ဝင် ၉၀၀ လောက်ရှိနေပါသေးတယ်။
အီရန်
အီရန်နဲ့ ဆီးရီးယားတို့ဟာ ၁၉၇၉ ခုနှစ်ကတည်း အီရန် အစ္စလာမ္မစ် တော်လှန်ရေးနောက်ပိုင်း မဟာမိတ် တွေ ဖြစ်ခဲ့ကြပါတယ်။ ဆီးရီးယားနိုင်ငံက ၁၉၈၀ ခုနှစ် အီရန်-အီရတ်စစ်ပွဲအတွင်းမှာ အီရန်ကို ကျော ထောက်နောက်ခံ ပြုခဲ့ပါတယ်။
ဆီးရီးယားပြည်တွင်းစစ်အတွင်း အီရန်က ရာနှင့်ချီတဲ့ တပ်တွေ ချထားပြီး အာဆတ်ကိုကူညီဖို့ ဒေါ်လာ ဘီလီယံ ပေါင်းများစွာသုံးစွဲခဲ့တယ်လို့ ယုံကြည်ရပါတယ်။
အီရန်က လေ့ကျင့်ပံ့ပိုးပေးထားတဲ့ လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာလှုပ်ရှားမှုကနေ ပေါ်ထွက်လာတဲ့ Shia မွတ်စလင် တိုက်ခိုက်ရေးသမားအများစုမှာ အီရတ်၊ အာဖဂန်နစ္စတန်နဲ့ ယီမင်တို့ဘက်က ဖြစ်ပြီး ဆီးရီးယားစစ်တပ်နဲ့အတူ တိုက်ပွဲဝင်ခဲ့ကြပါတယ်။
ဒါ့ပေမယ့် ရုရှားကဲ့သို့ပဲ ဟစ်ဇ်ဘိုလာကလည်း လက်ဘနွန်မှာပေါ်နေတဲ့ အစ္စရေးနဲ့ ပဋိပက္ခကြောင့် အားပျော့သွားကာ ဆီးရီးယားစစ်တပ် ကျဆုံးမှုကို ဖြစ်စေခဲ့တာပါ။
အစ္စရေး
အစ္စရေးနိုင်ငံဟာ ဆီးရီးယားနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး ၁၉၆၇ ခုနှစ်၊ ခြောက်ရက်တာစစ်ပွဲမှာ အစ္စရေးရဲ့ ထိုးစစ်က ဆီးရီးယားနိုင်ငံ၊ ဒမတ်စကတ်တောင်ဘက် ကီလိုမီတာ ၆၀ (မိုင် ၄၀) ခန့်အကွာရှိ Golan Heights ကို ရောက်ခဲ့ပါတယ်။
အပြီးသတ်သိမ်းပိုက်မှုကတော့ ၁၉၈၁ ခုနှစ်မှ သိမ်းပိုက်နိုင်ခဲ့တာပါ။ အဲအပြီးသတ် သိမ်းယူကိုတော့ ကုလသမဂ္ဂနဲ့ အခြားနိုင်ငံအများအပြားက အသိအမှတ်မပြုခဲ့ပါဘူး။
အစ္စရေးက စစ်ပွဲအတွင်းမှာ ဆီးရီးယားရှိ အီရန်နဲ့ ဆက်နွှယ်နေတဲ့ ပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်တာ ပြုလုပ်ခဲ့ပေမယ့် အဲဒီတိုက်ခိုက်မှုတွေကို ဝန်ခံခဲ့တာမျိုးမရှိပါဘူး။
တော်လှန်ရေးတပ်တွေ အာဆတ်ကို ဖြုတ်ချပြီးကတည်းက အစ္စရေးဟာ ဆီးရီးယားနိုင်ငံတဝှမ်း ရာနဲ့ ချီတဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
တိုက်ခိုက်ခဲ့တဲ့ ပစ်မှတ်တွေထဲမှာ ဆီးရီးယားရဲ့ စစ်ရေးအခြေခံအဆောက်အအုံ၊ ရေတပ်သင်္ဘောတွေနဲ့ လက်နက်ထုတ်လုပ်တဲ့ နေရာတွေ ပါဝင်ပါတယ်။
အစွန်းရောက်တွေရဲ့ လက်ထဲကို လက်နက်တွေရောက်နေတာ ရပ်တန့်ဖို့ တိုက်ခိုက်ခဲ့တာလို့ အစ္စရေးက ပြောပါတယ်။
အစ္စရေးတပ်ဖွဲ့တွေက ဂိုလန်ကုန်းမြင့်ရှိ စစ်မဲ့ကြားခံဇုန်ကိုလည်း သိမ်းပိုက်ခဲ့ပြီးဖြစ်သလို အနီးနားရှိ ဆီးရီးယားပိုင်နက်ထဲကိုလည်း ဝင်ရောက်နိုင် ဖွယ်ရှိနေပါတယ်။
Buffer Zone အတွင်းကနေ ကီလိုမီတာ တဝက် ကျော်သာဝေးတဲ့ စီးရီးယားနိုင်ငံအတွင်း Kwdana ရွာအနီး တောင်တန်းတစ်ခုမှာ ရပ်နေတဲ့ အစ္စရေးတပ်သားတဦးရဲ့ ဓာတ်ပုံကို BBC က အတည်ပြုနိုင်ခဲ့ပါတယ်။
BBC သတင်းဌာန English ပိုင်းမှာဖော်ပြထားတဲ့ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။
Thanlwin Myanmar Media