တောင်ကုတ်မြို့ရှိ လက်ကျန် စကစ ၅ ကို အပြီးသတ်သိမ်းပိုက်ပြီး မြို့နယ်တစ်ခုလုံးကို AA ထိန်းချုပ်
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၁၅
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့အခြေစိုက် အမှတ် ၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် – စကခ ၅ ကို အာရက္ခတပ်တော် -AA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး တောင်ကုတ်မြို့နယ်တစ်ခုလုံးကို အလုံစုံထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရပါတယ်။
မနေ့က ဒီဇင်ဘာလ ၁၄ ရက် ညနေ ၄ နာရီ ၁၀ မိနစ်အချိန်က တောင်ကုတ်မြို့ထဲမှာ အခြေစိုက်ထား တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က အမှတ် ၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် – စကခ ၅ ကို အပြီး သတ်တိုက်ခိုက်သိမ်းပိုက်လိုက်ကာ ထွက်ပြေးလွတ်မြောက်နေတဲ့ အကြမ်းဖက်စစ်သားတွောကို လိုက်လံရှင်းလင်းလျက်ရှိတယ်လို့ သိရပါတယ်။
တောင်ကုတ်မြို့အခြေစိုက် အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ – ၅ လက်အောက်မှာ ခမရ ၅၄၄ ၊ ခမရ ၃၄၆ ၊ အမှတ် ၉၂၆ ထောက်ပို့တပ်ခွဲနဲ့ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းတို့ ရှိပါတယ်။
အဲဒီတပ်စခန်းတွေ အားလုံးကို အာရက္ခတပ်တော် – AA က တစ်လကျော် ထိုးစစ်အတွင်း သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
အာရက္ခတပ်တော် – AA အနေနဲ့ ယခုတောင်ကုတ်မြို့နယ်ကို ၁၃ ခုမြောက်မြို့နယ်အဖြစ် သိမ်းပိုက် နိုင်ခဲ့တာဖြစ်ပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၂ ခုကို အပြီး သတ်သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။
ဒါ့အပြင် အမ်းမြို့နဲ့ ဂွ မြို့တို့မှာလည်း ဆက်လက်တိုက်ပွဲပြင်းထန်နေပြီးတော့ ရခိုင်ပြည်နယ်မှာ သိမ်း ပိုက်ရန်ကျန်ရှိနေတဲ့မြို့နယ်တွေက စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တို့ပဲဖြစ်ပါတယ်။
Thanlwin Myanmar Media