မောင်တောနခခ ၅ ကို အာရက္ခတပ်တော် (AA)အပြီးသတ်သိမ်းပိုက်ရရှိပြီးမောင်တောမြို့နယ်တစ်ခု လုံးကို AA ထိန်းချုပ်၊ ပိတ်ဆို့ခံထားရစဉ် စစ်သား၊ ရဲများ အကူအညီတောင်းခံခဲ့သော် အထက်အရာရှိ များက စီပေးမှုမရှိ၊ ယခုအခါ ထွက်ပြေးနေသည့် စစ်သားများကို AA တပ်ဖွဲ့က လိုက်လံရှင်းလင်းနေ
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၈
ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ နောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်သော နခခ ၅ နယ်ခြားစောင့် ဌာနချုပ်ကို အာရက္ခတပ်တော်- AA က သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း AA နှင့် နီးစပ်သူ စစ်ရေး သတင်းရင်းမြစ်များထံက သိရသည်။
ဒီဇင်ဘာလ ၆ ရက်နေ့က မောင်တောမြို့ရှိ တစ်ခုတည်း လက်ကျန် စခန်း နခခ ၅ နယ်ခြားစောင့် ဌာနချုပ်ကို အောင်မြင်စွာသိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး ထွက်ပြေးနေသည့် အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို လိုက်လံရှင်းလင်းလျက်ရှိကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ကလည်း လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုသည် AA တပ်ဖွဲ့ဝင်များအပေါ် ဗုံးကြဲချခြင်းမဟုတ်ပဲ နခခ ၅ စခန်းကို ဗုံးကြဲချခြင်းဖြစ်သဖြင့် မိမိလက်အောက်ငယ်သားများကို အပြတ်ရှင်းသဘောမျိုး ကြဲချနေခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ထွက်ပြေးနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကယ်တင်ရန် ကြိုးပမ်းနေ သည့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အာဆာ (ARSA)အဖွဲနှင့် အာရက္ခတပ်တော် -AA တို့ကြား နတ်မြစ်ကမ်းခြေ၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အခုလက်ရှိ အချိန်ထိ နခခ(၅) ကို စစ်ကောင်စီက အကြီးအကျယ် ဗုံးကြဲနေပါတယ်။ စခန်း တစ်ခု လုံးကို ရစရာမရှိအောင် ဖျက်ဆီးပစ်တဲ့ သဘောပါ။ တပ်ရင်းအတွင်းထဲကို ဂျက်နှစ်စီးနဲ့ ပေါင် ၅၀၀ ဗုံး ၄ လုံးကြဲချခဲ့တယ်။ စစ်အရာရှိအကြီးအကဲတွေ ဖမ်းဆီးရမိလား။ ကျဆုံးသွားလားတော့ အတိအ ကျ မသိရသေးပါ။ထွက်ပြေးတဲ့ စစ်ကောင်စီတပ်သားတွေကို ကယ်ထုတ်ဖို့ကြိုးစားတဲ့ အာဆာအဖွဲ့နဲ့ နတ်မြစ်မှာ တိုက်ပွဲဖြစ်နေတယ်” ဟု AA နှင့်နီးစပ်သူစစ်ရေးသတင်းရင်းမြစ်က ပြောကားသည်။
နိုဝင်ဘာလ ၈ ရက်နေ့က မောင်တောမြို့အနီးရှိ နခခ ၅ တပ်ရင်းအတွင်း ပိတ်နေသော အကြမ်း ဖက်စစ်ကောင်စီတပ်သားများ က ကိုယ်ပိုင် ဖုန်းဖြင့် Video ရိုက်ကာ မီဒီယာကို အကူအညီ တောင်းခံ ခဲ့ကြောင်း သိရသည်။
“ဒါကတော့ နခခ ၅ ပါ၊ ပိတ်မိနေတဲ့ တပ်သားတွေ၊ အများကြီးဒုက္ခရောက်နေကြတယ်။ အဲဒီမှာ ပြောချင်တာပြော၊ မိသားစုတွေကိုလည်းပြော၊” မီဒီယာတပ်ဖွဲ့ဝင်တစ်ဦး
“ကျနော်ပြောမယ်၊ ကျနော်တို့ပိတ်မိနေတာ ၈ လပိုင်း ၄ ရက်နေ့ကတည်းက ပိတ်မိနေတာ၊ အခု ၁၁ လပိုင်း ၈ နေ့ဖြစ်သွားပြီ။ ၉ လပိုင်း၊ ၁၀ လပိုင်း၊ ၁၁ လပိုင်း ၃ လဖြစ်သွားပြီ။ အဲဒါတိုက်ပွဲက ပြင်း ထန်တယ်အခုချိန်အထိပြင်းထန်နေတယ်၊ အခုချိန်အထိဘယ်သူမှ ကယ်ထုတ်မယ့်သူမရှိဘူး။ အခု ချိန်ထိလည်းဆွဲထုတ်မယ့်သူမရှိဘူး။ အခုဖြစ်နေတဲ့ပုံက ကျနော်တို့တပ်က တစ်တပ်လုံးကျ သွားပြီ။ ကျနော်တို့တွေပဲကျန်တော့၊ ကျနော်တို့တွေပဲကျန်တော့ အခုချိန်အထိ ဘာမှ လုပ်မပေးဘူး။ ကျနော် တို့ တစ်ခုခုတော့လုပ်သင့်နေပြီ။ အဲဒါလေးကို မီဒီယာကနေ ပြောပေးဖို့၊ ဒီမှာ ဒုက္ခရောက်နေ တဲ့သူ တွေအများကြီးပဲ၊ ရဲတွေရောအကုန်လုံးပိတ်မိနေတာ” မီဒီယာကို ပြောကြားသည့် တပ်ဖွဲ့ဝင် တစ်ဦး။
“ကျနော်တို့တပ်ဖွဲ့ဝင်တွေကို ကယ်ပေးကြပါ၊ ဒီမှာတပ်ဖွဲ့ဝင်တွေ အကုန်ပိတ်မိနေပြီ၊ ဘယ်မှလည်း ထွက်လို့မရပါဘူး။ ဘယ်မှာလည်းသွားလို့မရဘူး။ ဒီနားလေးမှာပဲ စစ်သည်တွေရော ရဲတွေရော ဘယ်မှလည်း သွားလို့မရဘူး။ စားဖို့လည်းမရှိဘူး။ သောက်ဖို့လည်းမရှိဘူး။ ၁၅ တပ်ဖွဲ့မှူးက အလွတ်ရုန်းသွားပြီ။ အောက်ခြေတပ်ဖွဲ့ဝင်ပဲ ကျန်ခဲ့တယ်။ ဒါကလက်ရှိ မောင်တော နခခ ၅ မှာ ဖြစ်နေတာပါ။ ဘယ်မှလည်းထွက်လို့မရတော့ဘူး။ လူကြီးတွေလည်း သိစေချင်တယ်၊ ဘာမှ မစားရ မသောက်ရနဲ့၊ ခဲယမ်းတွေကလည်းမရှိတော့ဘူး။ ဒဏ်ရာရစစ်သည်တွေရော အများကြီးပဲ၊ ဒီနားလေးမှာပဲ” မီဒီယာတပ်ဖွဲ့ဝင်တစ်ဦး။
အထက်ပါ ပြောစကားများသည် ရခိုင်ပြည်နယ်အခြေစိုက် Narinjara သတင်းဌာနမှာ တင်ထားသည့် ရုပ်သံဖိုင်က စစ်ကောင်စီတပ်သားများ၏ ပြောကြားချက်ဖြစ်သည်။
မောင်တောမြို့အခြေစိုက် နခခ ၅ သိမ်းပိုက်ရရှိမှုနှင့်ပတ်သက်၍ အာရက္ခတပ်တော် – AA က တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပေ။
Thanlwin Myanmar