တနင်္သာရီမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၀ ဦး သေဆုံး၊ စစ်တပ်က ပြည်သူ့နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီး
သံလွင်မြန်မာ
နိုဝင်ဘာလ ၂၄
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲ တိုက် ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးပြီး စစ်တပ်က နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
မနေ့က နိုဝင်ဘာလ ၂၃ ရက်နေ့ မနက် ၆ နာရီက တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာနှင့် ရမ်းဖိုကျေးရွာ အကြား ပြင်ဝန်းကျေးရွာ အနီးမှာ အင်အား ၈၀ ခန့်ပါတဲ့ အကြမ်းဖက် စစ်တပ် ခြေလျင် စစ်ကြောင်း ကို တော်လှန်ရေး တပ်ဖွဲ့တွေက မိုင်း ၁၀ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။
Photo – မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တော်လှန်ရေး ရဲဘော်များ
အဲလိုဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှာ မိုင်း ၇ လုံးပေါက်ကွဲခဲ့ပြီးတော့ အကြမ်းဖက်စစ်သား ၁၀ ဦးထက်မ နည်းသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးဒဏ်ရာရ အကြမ်းဖက်စစ်သားတွေကို VOGO ကားနဲ့ ၄ ကြိမ် သယ်ထုတ်သွားတယ်လို့ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
အထိနာတဲ့ အကြမ်းဖက်စစ်သားတွေဟာ အနီးအနားမှာရှိတဲ့ ပြည်သူ့ နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီအကြမ်းဖက်စစ်တပ် စစ်ကြောင်းကိုတော့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တနင်္သာရီမြို့နယ် ပကဖ ဇုန် ၃ တနင်္သာရီရိုးမအဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာပါ။
သံလွင်မြန်မာသတင်းဌာန