နောင်ချိုမြို့ကို စစ်တပ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ
D Day News
နိုဝင်ဘာလ ၂၂
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ တပ်မဟာ ၂ စစ်ဒေသ၊ နောင်ချိုမြို့ကို အကြမ်းဖက်စစ်တပ် က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၂၀ ရက် ညနေ ၃ နာရီခန့်က နောင်ချိုမြို့နယ်၊ ကုန်းကြီးကျေးရွာကို အကြမ်းဖက်စစ်တပ် က ဂျက်ဖိုက်တာ တိုက်လေနဲ့ ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းအတွင်း ကျရောက် ပေါက်ကွဲကာ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာပါ။
အလားတူပဲ နိုဝင်ဘာလ ၂၀ ရက် ညသန်းခေါင်ယံအချိန်မှာလည်း နောင်ချိုမြို့နယ်၊ ကံကြီးကျေးရွာ ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ၃ ကြိမ် ဗုံးကြဲချခဲ့ရာ ကျေးရွာအတွင်း ပေါင် ၅၀၀ ဗုံး ၁ လုံး ကျရောက်ပေါက်ကွဲပြီး အမျိုးသား ၁ ဦး ထိမှန်သေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကိုအသုံးပြုပြီး ပြည်သူလူထုကို ဦးတည်ကာ နေ့စဥ် ရက်ဆက် ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် နောင်ချိုမြို့နယ်အတွင်းမှာ နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ပြည်သူ ၁၇ ဦး သေဆုံးကာ ၂၆ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အများအပြား လည်း ပျက်စီးခဲ့တယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက ပြောပါတယ်။
ဒါ့ကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကနေ ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိဖို့၊ လူစုလူဝေးမပြုလုပ်ကြဖို့နဲ့ လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်တွေ လိုက်နာဆောင်ရွက်ကြဖို့ ဆက်လက် တိုက်တွန်းထားပါတယ်။
D Day News