မူးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ၊ နေအိမ် ၁ လုံး၊ ဆိုင်ကယ် ၁ စီးပျက်စီး၊ ပြည်သူ ၂ ဦးကိုလည်း အကြောင်းမဲ့ဖမ်းဆီး
D Day News
နိုဝင်ဘာလ ၂၂
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့ နယ်အတွင်းမှာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိကာ နေအိမ် ၁ လုံးနဲ့ ဆိုင်ကယ် ၁ စီး ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၂၀ ရက် မနက် ၁၀ နာရီခွဲချိန်မှာ မူးမြို့နယ် နတ်သံကွင်း အခြေစိုက် အာဏာသိမ်း အ ကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး ၁၇ လုံး ပစ်ခတ်ခဲ့ရာ ယဉ်လှည်းရွာ အတွင်း ၅ လုံး၊ ရွာ ကြီးအင်းနဲ့ တောင်ဆူးကြားမှာ ၃ လုံး၊ သဲကုန်းမှာ ၃ လုံး၊ အညောင်းဆူးနဲ့ ငနွားဆင်ကျေးရွာကြားမှာ ၅ လုံး ၊ အနောက်ဝက်တူးမှာ ၁ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
Photo − အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးရမှုများ။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အနောက် ဝက်တူး ကျေးရွာမှာ နေထိုင်တဲ့ အသက် ၄၂ နှစ်အရွယ် မမူနော်၊ အသက် ၅၁ နှစ်အရွယ် မသီတာစန်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
တစ်ဆက်ထဲမှာပဲ ကွင်းချောင်းဝမှာ အခြေစိုက်ထားတဲ့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် က ဟောင်ဝစ်ဇာ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ဟော်ခို့ဂေါ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲ လို့ စစ်ဘေးရှောင်နေကြတဲ့ သေဂေလူရွာက အသက် ၂၇ နှစ်အရွယ် နော်မုဂေဝါးနဲ့ ယဉ်လှည်းရွာက အသက် ၂၃ နှစ်အရွယ် စောဆယ်ပလူဝါးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် ဟော်ခို့ဝေါ်ကျေးရွာက နေအိမ် ၁ လုံးနဲ့ ဆိုင်ကယ် ၁ စီးလည်း မီးလောင် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်က ရွာကြီးအင်း ကျေးရွာနေ အသက် ၄၅ နှစ်အရွယ် ဦးသီ လ နဲ့ နို့ကလော်ကျေးရွာနေ အသက် ၃၃ နှစ်အရွယ် စောနိုင်တင်ထူး တို့ကိုလည်း နိုဝင်ဘာလ ၂၀ ရက် မနက် ၁၁ နာရီ မိနစ် ၄၀ အချိန်မှာ အကြောင်းမဲ့ဖမ်းဆီးပြီး ကျောက်ကြီးရဲစခန်းကို ပို့ဆောင် ချုပ်နှောင်ထားတယ်လို့ KNU ဗဟိုက ပြောဆိုထားပါတယ်။
ဒါ့အပြင် နိုဝင်ဘာလ ၂၁ ရက်နေ့ မနက် ၇ နာရီခွဲလောက်ကလည်း အာဏာသိမ်းအကြမ်း ဖက် စစ် ကောင်စီတပ် ခမရ−၃၅၁ နဲ့ ခလရ−၆၀ ပူးပေါင်းတပ်တွေက လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ တောင်းဆူးကျေးရွာ အတွင်းမှာ ၁ လုံးနှင့် စော်ဘောကုန်း ကျေးရွာအတွင်းမှာ ၁ လုံး ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
D Day News