စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ မြသိန်းတန်စေတီ၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး
D Day News
နိုဝင်ဘာလ ၁၅
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသရှိ မြသိန်းတန်စေတီတွင် တပ်စွဲထားသော အကြမ်း ဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Eagle Rovolution Force local တပ်ပေါင်းစု ထံမှ သိရသည်။
ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသရှိမြသိန်းတန် စေတီတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သားများ တပ်စွဲထားသည့် မြသိန်းတန် စေတီ အနီးထိ တော်လှန်ရေးတပ်ဖွဲ့များ ချင်းကပ်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်သား ၅ ဦး မျက်မြင် သေဆုံးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ ၇ ဦးခန့်ရှိကြောင်း သိရသည်။
“မင်းကွန်းမြသိန်းတန်စေတီ မုဒ်ဝထိ ချင်းကပ်ပြီး တိုက်ခိုက်ခဲ့တာပါ။ မီတာ ၅၀ လောက်ပဲကွားတယ် အနီးကပ် အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်။ မိနစ် ၃၀ လောက်တော့ကြာတယ်။ အပြန် အ လှန် ပစ်ခတ်မှု မျက်မြင် စခ ၅ ဦး သေတယ်။ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရတယ်” ဟု Eagle Rovolution Force local တပ်ပေါင်းစု တာဝန်ခံ ဗိုလ်တေဇာက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Eagle Revolution Force (E.R.F) ၊ ကင်း ပကဖ ၊ တောသာကြီး စဥ့်ကိုင် ပကဖ နှင့် Acid အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
D Day News