လယ်ဒိုနှင့် မူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး အသက် ၆ လနှင့် ၈ နှစ်အရွယ် ကလေးငယ် ၂ ဦးအပါအဝင် ၄ ဦး ဒဏ်ရာရ၊ နေအိမ် ၂ လုံးပျက်စီး
D Day News
နိုဝင်ဘာလ ၁၅
ပဲခူးတိုင်း၊ညောင်လေးပင်ခရိုင် လယ်ဒိုမြို့နယ်နှင့် မူးမြို့နယ်တို့ရှိကျေးရွာများကို အကြမ်းဖက်စစ်တပ် က ဒရုန်းနှင့်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး အသက် ၆ လ နှင့် ၈ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ၄ ဦးထိခိုက်ဒဏ်ရာရှိခဲ့ပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း KNU ထံမှ သိရသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ပိန်းဇလုပ်အခြေစိုက် အကြမ်းဖက်စစ် ကောင်စီ၏ ခလရ ၂၆၄ တပ်ရင်းမှ လယ်ဒိုမြို့နယ်၊ ကျောက်ကုန်း ကျေးရွာတွင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၆ လအရွယ် လပြည့်ထွန်းနှင့် အသက် ၈ နှစ်အရွယ် မချစ်ဖူးဝေတို့ ထိခိုက် ဒဏ်ရာရရှိပြီး ၎င်းတို့၏ နေအိမ်လည်း ပျက်စီးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်အချိန်တွင်လည်း ပိန်းဇလုပ်အခြေစိုက်ခလရ-၂၆၄ တပ်ရင်းမှ ဒရုန်းဖြင့် ဝမ်းချဲကျေးရွာအတွင်း ၁ လုံး၊ မက်စလီကုန်း ကျေးရွာအတွင်း ၁ လုံးနှင့် ကျောင်းကုန်း ကျေးရွာဘေးသို့ ၁ လုံး စုစုပေါင်း ဗုံးသီး ၃ လုံးကျဲချခဲ့ကြောင်း၊ အလားတူ ည ၈ နာရီ ၅၀ မိနစ်ခန့်တွင် ကညှင်ကြိုးကျေးရွာ ချိန်းကြောင်း တံတားကိုလည်း ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ထပ်မံ ကျဲခဲ့ကြောင်း သိရသည်။
ထို့အပြင် နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် မူးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ် တပ်၏ ခမရ-၄၃၉ တပ်ရင်း မှ ဒရုန်းဖြင့် မျက်နီကွင်းကျေးရွာအတွင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျေး ရွာနေ အသက် ၂၀ နှစ်အရွယ် နော်မူစေးဖိုး ထိခိုက်သေဆုံးခဲ့ရပြီး အသက် ၆၀ နှစ်အရွယ် နော်ကြည် ဘော ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁ လုံးလည်း ထိမှန် ပျက်စီးခဲ့ရကြောင်းသိရှိရသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၁ဝ နာရီ ၂၀မိနစ်ခန့် အချိန်တွင် အကြမ်းဖက်စစ်တပ် ပူးပေါင်း တပ် ဖွဲ့က ၁၂၀ မမ လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ရာ ထွနီကုန်းကျေးရွာအတွင်း ကျရောက် ပေါက်ကွဲ ခဲ့ပြီး ကျေးရွာနေ အသက် ၃၈ နှစ်အရွယ် နော်ဝါးဝါးကို ထိခိုက်ဒဏ်ရာရရှိခဲ့ရကြောင်း KNU ထုတ်ပြန်ထားသည်။
D Day News