နတ်တလင်းမြို့နယ်တွင် စစ်တပ်အတွက် လူစုပေးနေသော ထောက်တိုင်ဇော်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး
D Day News
နိုဝင်ဘာလ ၁၅
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်အတွက် လူလိုက်စု ပေးနေသော ထောက်တိုင် ဇော်ဝင်းကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – Phoenix -D F ထံမှ သိရသည်။
နိုဝင်ဘာလ ၁၃ ရက် ည ၇ နာရီ ၃၀ မိနစ်အချိန်တွင် နတ်တလင်းမြိုနယ်၊ ရွာသာယာရွာနှင့် ကွင်းစမ်း ကျေးရွာတို့တွင် စစ်မှုထမ်းရန် လူလိုက်စုနေသော စစ်ကောင်စီ ဒေါက်တိုင် ဇော်ဝင်းဆိုသူကို သာယာ ဝတီခရိုင်အမှတ် ၁ တပ်ရင်း၊ တပ်ရင်း – ၃၈၀၁ ၊ တပ်ခွဲ-၂ (Phoenix DF) မှ ရဲဘော်များကသွား ရောက်ဖမ်းဆီးရာ ပြန်လည်ခုခံထွက်ပြေးသွားသဖြင့် ပစ်ခတ်ခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း သိရသည်။
“သူက လဝကရုံးမှာ အလုပ်လုပ်တယ်လို့ သိရတယ်၊ ဝန်ထမ်းလား၊ ဘာလားတော့ မသိရဘူး။” ဟု နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – Phoenix -D F မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
သေဆုံးသူဇော်ဝင်းသည် အင်အားချိနဲ့နေသော စစ်ကောင်စီတပ်အား အင်အားပြန်လည် ဖြည့်တင်း ရန်ကွင်းစမ်းရွာ နှင့် ရွာသာယာကျေးရွာမှ လူငယ်များအား စာရင်းလိုက်ကောက်ပြီး တစ်ဦးလျှင် ၆ သိန်း နှုန်းပေးမည်ဟုဆိုကာ စစ်မှုထမ်းရန်စုဆောင်းခြင်း၊ နတ်တလင်းမြို့နယ် လဝက ရုံးတွင်လည်း မှတ်ပုံတင်လုပ်ပေးမည်ဟုဆိုကာ ငွေတောင်းခြင်း တို့လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။
စစ်တပ်ထောက်တိုင် ဇော်ဝင်းအား ပစ်ခတ်ရှင်းချိန်တွင် ဖုန်း ၁ လုံး သိမ်းဆည်းရရှိခဲ့ပြီး ယင်းဖုန်းအား စစ်ဆေးရာ စစ်မှုထမ်းရန် စာရင်းကောက်ခံထားရသော လူငယ်များ၏ အချက်လက်များ အိမ်ထောင် စုစာရင်းများတွေ့ရှိခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် စစ်သား၊ ရဲ ၊ ပျူစောထီးများနှင့် စစ်ကောင်စီ ထောက်တိုင်များကို အခါအခွင့်သင့်လျှင် သင့်သလို တိုက်ခိုက်သွားမည် ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်အောက်ခံတပ်၊ ထောက်တိုင်များ အနီး သွားလာခြင်းမပြုကြရန် မေတ္တာရပ်ခံထားသည်။
D Day News