နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင်(၃၀၀) ဗုံး ထပ်မံကြဲချမှု အမျိုးသား ၄ ဦး ထိခိုက်ဒဏ်ရာရ
D Day News
နိုဝင်ဘာလ ၁၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ တပ်မဟာ (၂) နယ်မြေ၊ နောင်ချိုမြို့ကို အကြမ်းဖက် စစ် ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် (၃၀၀) ဗုံး ထပ်မံကြဲ တိုက်ခိုက်မှုကြောင့် အမျိုးသား (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်သည်။
ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန်တွင် စစ်ကောင်စီတပ်က ဂျက် ဖိုက်တာဖြင့် နောင်ချိုမြို့၊ တရားရုံးနှင့် ရဲစခန်းအနောက်တွင် ပေါင် (၃၀၀) ဗုံး (၂) လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ အမျိုးသား (၄)ဦး ထိခိုက်ဒဏ်ရာရရှိပြီး တရားရုံးအပြင် နေအိမ်(၃)လုံးနှင့် အိမ်စီး ကားများ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ နိုဝင်ဘာလ (၁၂) ရက်နေ့တွင်လည်း စစ်ကောင်စီတပ်က နောင်ချိုမြို့မစျေးရပ်ကွက်ရှိ ခရီးသည် စီးကားနေသည့် လန်းဆန်းလက်ရည်ဆိုင်တွင် လာရောက်ဗုံးကြဲချမှုကြောင့် ဒေသခံနှင့် ခရီးသွားပြည်သူ (၁၁) ဦး သေဆုံးပြီး (၁၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုအပြင် နေအိမ်(၁၄)လုံး၊ စျေးဆိုင်ခန်း (၁၃)ခန်း ထိခိုက်ပျက်စီးပြီး အိမ်စီးကားနှင့် ခရီးသည်ယာဥ် အပါအဝင် စုစုပေါင်းကား (၇) စီး မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။
D Day News