ကဗျာကဏ္ဍ “ရှောင်လေဝေးဝေး လူယုတ်မာဘေး”
ပျိုးကြဲလက်
အာဏာဟာ ငါ့ဘဝကွယ့်
ဘာမဆို လုပ်ရဲတယ် ။
မယုံရင် ကြည့်ထားကြ
သိမ်းပြလိုက်မယ် ။
ပုန်ကန်ဖို့ လွယ်မှလွယ်
ပေါပါ့ကွယ် လက်နက် ။
ငါ့အာဏာ ရဲမက်ကိန်းရင်
သိမ်းဖို့မခက် ။
ရွာဦးက ကျောင်းတော်ကြီး
မြည်ဟည်းလို့ မြေခပြို ။
ကျွန်ဒေါက်တိုင် လူ့ငနဲက
ဗုံးကြဲချဆို ။
စာသင်တဲ့ကျောင်း မရှောင်သလို
ဆေးရုံဆို ပစ်မှတ် ။
ပြည်သူတွေ အလောင်းထပ်အောင်
သတ်ပြီးရင်းသတ် ။
ပြည့်အာဏာ တလွဲသုံးလို့
ဆုံးခဲ့တဲ့ လူ့သိက္ခာ ။
ကမ္ဘာ့အလယ် သိမ်ငယ်ရ
အောက်ကျလှစွာ ။
တဘဝ တသက်စာ
မျှော်ရည်ကာ မိုက်မဲ ။
သူ့အတွက်ပေ
ရဲမက်တွေ အသေစောတယ်
ဒေါပွတိုင်းဆဲ ။
ပြည်သူတွေ မလျှော့ဇွဲနဲ့
အံခဲလို့ တွန်းလှန် ။
လက်ခုပ်သံ ညံမစဲကွယ့်
ပြည့်အောင်ပွဲခံ ။
ဖရဲသီးတို့ ပူးပေါင်းပြန်
ပြည်ချစ်ခံ ထပ်တိုး ။
ဘုံရန်ကို အံတုလို့
လူထုကို တကယ်ချစ်တယ်
စစ်သည်တော်မျိုး ။
ဗာလဆို မမှီဝဲနဲ့
ဝေခွဲကြ ချစ်မိတ်ဆွေ ။
ပြည့်ကျိန်စာ ကိုယ်စီခလို့
မြေကျတတ်ပေ ။
အိုးစားဖက် မင်းတို့သေ
လူယုတ်မာတွေ မကြည့်ဘူး ။
ပြည့်ရင်ခွင် အရင်ဆိုက်မှ
စိတ်ကြိုက်ပျော်မြူး ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက် ည ၉ နာရီ ၃၇ မိနစ်
D Day News